News

POST TAGGED AS

ပညာရေး

ဆရာများ၏ ရင်ဖွင့်သံ (ကျောင်းသားနဲ့ ပြစ်ဒဏ်)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပညာစံအိမ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားနေသည့် ဆရာတစ်ဦးက ဒသမတန်း ကျောင်းသားတစ်ဦး၏ ပါးစပ်ထဲသို့ ဖားပြုပ်ထည့်၍ ပါးရိုက်ပြီး ဆဲဆိုခဲ့သည့်ဖြစ်ရပ် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဖြစ်ပွားခဲ့သည်။ ထိုနည်းတူ ဆရာများ၏ ရိုက်နှက်ဆုံးမမှုကြောင့် အပြင်းအထန် ဒဏ်ရာရ၍ မိဘနှင့်ဆရာကြား မကြာခဏ ပြဿနာ ဖြစ်ကြသည်ကိုလည်း ခပ်စိပ်စိပ် ကြားရ၊ မြင်ရလာသည်။ ယင်းသို့သော ရိုက်နှက်အပြစ်ပေးခြင်း လွန်ကဲပါက ခံရသူ ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်စေနိုင်ကြောင်း ပညာရေး စိတ်ပညာကျွမ်းကျင်သူများက သတိပေးသည်။ ထို့ကြောင့် ကိုယ်ပိုင်ကျောင်းများတွင် သင်ကြားနေသော ဆရာများဖြစ်စေ၊ အစိုးရကျောင်းများတွင် သင်ကြားနေသည့် ဆရာများဖြစ်စေ ကလေးစိတ်ပညာ၊ သင်ကြား၊ သင်ယူမှု နည်းလမ်းများ အမှန်တကယ် တတ်ကျွမ်းပြီး သင်ယူသူ ကလေးငယ်များကို စေတနာ၊ မေတ္တာ၊ ကရုဏာဖြင့် သင်ကြားပေးနိုင်ရေး ဆရာများ၏ အကြံပြုချက်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“ပညာရေး စိတ်ပညာ ဘာသာရပ်ဟာ ဆရာ၊ ဆရာမ အားလုံး သိသင့် တတ်သင့်ပါတယ်”
ဒေါက်တာသက်နိုင်ဦး (ကထိက၊ သတ္တဗေဒဌာန၊ မိတ္ထီလာတက္ကသိုလ်)

ယနေ့ဖြစ်ပေါ်နေတဲ့ ဆရာ၊ မိဘ၊ ကျောင်းသား ဆက်ဆံရေးအပေါ် ကျွန်တော့်အမြင်ကို ပြောရရင်တော့ မိဘ၊ ဆရာ၊ ဆရာမတွေဟာ လူတွေဆိုတော့ အတ္တကိုယ်စီ ရှိကြပါတယ်။ ဆရာ၊ ဆရာမက ကျောင်းသားတွေကို ဖြစ်ထွန်းစေချင်တဲ့ စိတ်ဆန္ဒက အတိုင်းထက်လွန် များလာရင် ကရုဏာဒေါသ ဖြစ်ကြရပါတယ်။ ဒီလိုအခါ ဆိုရင်တော့ ဆူမယ်၊ ငေါက်မယ်၊ အော်မယ်၊ ရိုက်မယ်ပေါ့။ ဒါက ဆရာ ဆရာမတွေရဲ့ ဖြစ်ထွန်းစေမှုရဲ့ စေ့ဆော်အားက အပြစ်ဖြစ်သွားတဲ့ ကျောင်းသားမိဘနေရာကို ရောက်သွားပြီး ရိုက်နှက်ကြတတ်ပါတယ်။ 

နောက်တစ်ခုက စာသင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေရဲ့ လူမှုဘဝဟာ ပြည့်စုံလုံလောက်သူများ  မဟုတ်ပါဘူး။ ကျောင်းတွင်းစစ်ဆေးမှုတွေကို ရင်ဆိုင်ကျော်ဖြတ်နေရသလို စားဝတ်နေရေးကလည်း တော်တော်ရုန်းကန်နေကြရပါတယ်။ ဒီလိုမျိုး စိတ်ဖိစီးမှု များလာတဲ့အခါမှာ ဒေါသစိတ်က လျှံတက်လာပြီး စာသင်သားတွေရဲ့ အပြစ်များကို ခွင့်လွှတ်စာနာမှု ဆိုတာထက် ထိန်းချုပ်မှုကင်းကင်း လွှတ်ပေးလိုက်ရာက အမှားများ ဖြစ်တတ်ကြပါတယ်။ 

ဒါကြောင့်လည်း ပညာရေး စိတ်ပညာ ဘာသာရပ်ဟာ ဆရာ၊ ဆရာမအားလုံး သိသင့် တတ်သင့်ပါတယ်။ ဒါမှလည်း အတန်းကို ထိန်းနိုင်သလို ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို နားလည်နိုင်ကြမှာပါ။ 

နောက်ဆုံးကောက်ချက်ချ ပြောလိုတာကတော့ ဆရာ၊ ဆရာမတွေဟာ ပညာရေး စိတ်ပညာ ဘာသာရပ်ကို လေ့လာပါ။ မိမိတို့ ဆရာ၊ ဆရာမဆိုတာ သူများတကာလို အတ္တအပေါ် အခြေခံပြီး တည်ဆောက်လို့ မရပါဘူး။ မိဘတွေကို ခေါ်ယူဆွေနွေးပါ။ ကျောင်းသားလည်း ပါဝင်ပါစေ။ မိဘတွေဘက်ကလည်း တလွဲဆံပင် မကောင်းကြပါနဲ့။ ငါကတော့ ဘယ်ဆရာ၊ ဆရာမကို ဘယ်လိုပေးလိုက်ပြီး ချဉ်းကပ်ထားတာ။ ငါ့သားသမီးသင်တာ ဘယ်လိုဆရာ၊ ဆရာမမျိုးမှ ခေါ်ပြီးသင်တာ။ အတန်းထဲမှာ ဘယ်နေရာ၊ ဘယ်အဆင့်ရတာ စသဖြင့် မိမိတို့အတ္တနဲ့ စွမ်းဆောင်ထားမှုတွေကို ယှဉ်ပြိုင်ကြွားဝါမှုအဖြစ် လုပ်ဆောင်နေတာတွေ လျှော့ချပေးကြပါ။ မိမိတို့ ငယ်ဘဝက စိတ်ကူးယဉ်မှုတွေ အိပ်မက်တွေကို သားသမီးမှာ ဖြစ်ထွန်းစေရမယ်ဆိုတဲ့ လူသားကို စက်ရုပ်လို ဆက်ဆံတာတွေ ရှောင်နိုင်ကြမယ်ဆိုရင် ဆရာ၊ မိဘ၊ ကျောင်းသား အတူတကွ ပူးပေါင်းဆွေး နွေးအဖြေရှာခြင်းဖြင့် ရိုက်နှက်ဆုံးမမှု လို၊ မလိုကို အဖြေတွေ့နိုင်ပါလိမ်မယ်။                                              
“ဆရာဆိုတာ ကျောင်းသားအပေါ်မှာ ကရုဏာဒေါသောပဲ ဖြစ်လေ့ရှိပါတယ်”
ဒေါ်ဇင်မြတ်ခိုင် (အထက်တန်း အင်္ဂလိပ်စာပြ၊ အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်း၊ မကွေးမြို့။)

ဒီနေ့ခေတ် ကျောင်းသား၊ ဆရာ၊ မိဘများ အကြားမှာ မကြာခဏ ကြားရလေ့ ရှိတာကတော့ ရိုက်နှက်ဆုံးမခြင်း ပြဿနာပါ။ ဒါနဲ့ပတ်သက်ပြီး မိဘတွေ ဘက်ကရော၊ ဆရာ၊ ဆရာမတွေ ဘက်ကပါ အမြင်အမျိုးမျိုးနဲ့ ဆွေးနွေးကြတာတွေလည်း ဖတ်ရ၊ ကြားရပါတယ်။ ဒီပြဿနာများဟာ ဟိုးအရင်ခေတ်တွေတုန်းက မကြားခဲ့ရဘဲ အခုမှ မကြာခဏ ကြားလာရတဲ့ အကြောင်းရင်းကို လေ့လာကြည့်တော့ မိဘတွေဘက်က သား၊ သမီးတွေအပေါ် ရိုက်နှက်ဆုံးမတာကို လက်မခံနိုင်တော့တာပဲလို့ တွေ့ရပါတယ်။ ကျွန်မတို့ ငယ်ငယ်ကအထိ ကျောင်းသားတွေနဲ့ မိဘတွေဟာ ဆရာ၊ ဆရာမ ရိုက်နှက်ဆုံးမတာကို  ကိုယ့်သား၊ သမီးကောင်းဖို့အတွက်လို့ သဘောပိုက်ပြီး ကျေကျေနပ်နပ် လက်ခံကြပါတယ်။ အခုခေတ်မှာတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ဆိုတော့ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ ကျွန်မတို့ ဆရာ၊ ဆရာမတွေ ဘက်ကရော ဘယ်လိုပြောင်းလဲကြမလဲ၊ ဘယ်လိုပြောင်းရင် မိဘ၊ ဆရာ၊ ကျောင်းသား ပြုံးပျော်နိုင်မလဲ။ ကျွန်မတို့ဟာ ဆရာတွေမို့လို့ ကိုယ်နဲ့သက်ဆိုင်တဲ့ အပိုင်းကိုပဲ အရင်ဆုံး စပြောင်းကြည့်ရအောင်ပါ။ 

ဆရာဆိုတာ ကျောင်းသားအပေါ်မှာ ကရုဏာ ဒေါသောပဲ ဖြစ်လေ့ ရှိပါတယ်။ ကရုဏာနဲ့ယှဉ်တဲ့ ကောင်းစေချင်တဲ့ ဒေါသအတိုင်းအတာ အတွင်းမှာ မထိန်းသိမ်းနိုင်ရင် ပြင်းထန်တဲ့ ဒေါသအဆင့်ကို ရောက်သွားပြီး ဆရာ၊ ကျောင်းသား မကျေလည်မှုမှသည် မိဘဆီထိ ကူးစက်သွားမှာပါ။ ဒါကြောင့် ပထမဆုံး ဆရာ၊ ဆရာမက ဒေါသထိန်းနိုင်ရပါမယ်။ ကလေးဆိုတာ အတွေ့အကြုံ နုနယ်သေးတဲ့ သူတွေပါ။ ဒါကြောင့် ကိုယ်က ဆုံးမနေရသူတွေ မဟုတ်ပါလား။ ကလေးတွေဘက်က ကိုယ့်အပေါ် စော်ကားတဲ့ အပြုအမူမျိုး တွေ့လာရပြီ ဆိုရင်တောင်မှ ကိုယ့်လောက်အတွေ့အကြုံ မရှိသေးတဲ့ သူလေးတွေအပေါ် ခွင့်လွှတ်စိတ်မွေးပြီး ဒေါသသံ မပါဘဲ မေတ္တာသက်သက်၊ ကရုဏာသက်သက်နဲ့ သူ့အပြုအမူဟာ လမ်းမှားရောက်နေကြောင်း၊ ရှင်းပြနိုင်ရပါမယ်။ 

မသိလို့ မှားတာဖြစ်တဲ့အတွက် ဆရာ၊ ဆရာမ အပြစ်မယူကြောင်း၊ ဒါပေမဲ့ ကိုယ့်ထက်ဂုဏ်ဝါကြီးမြင့်သူကို စော်ကားသလိုဖြစ်ရင် ဗုဒ္ဓဘာသာအရ အပြစ်သင့်မှာ ဖြစ်တဲ့အတွက် ကလေးကောင်းကျိုး ရှေ့ထားပြီး ဆုံးမရခြင်း ဖြစ်ကြောင်း ရှင်းပြနိုင်ရပါမယ်။ စည်းကမ်းအရ ရိုက်နှက်အပြစ်ပေးဖို့ လိုအပ်လာပြီ ဆိုရင်တောင် ကလေးမှာ အပြစ်လုပ်မိတယ်လို့ သူ့ကိုယ်သူ ခံယူတတ်လာအောင် အပြစ်နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံယူရတယ်လို့မြင်ပြီး ပြစ်ဒဏ်ကို ကျေကျေနပ်နပ် ခံယူချင်စိတ် ရှိအောင် ရှင်းပြပြီးမှ ဒေါသမပါစေဘဲ ကလေးနဲ့ မျှတတဲ့ ရိုက်နှက်ခြင်း ပြစ်ဒဏ်မျိုးသာ ပေးသင့်ပါတယ်။ 

ကျောင်းနေစ သူငယ်တန်း (KG) ကနေ တက္ကသိုလ်ဝင်တန်းအဆင့်အထိ ကလေးဆိုတာ အချော့ကြိုက်တဲ့ သူတွေပါ။ ဆရာ၊ ဆရာမဆီက ကရုဏာ၊ မေတ္တာအပြည့်နဲ့ ချော့မော့ပြီး နားလည်အောင်၊ နားဝင်အောင် ရှင်းလင်းပြောပြမှုတွေမှာ သူတို့ကိုယ်သူတို့ ပြင်ဆင်လာကြတဲ့ ကလေးတွေ အများကြီး ကြုံတွေ့ဖူးပါတယ်။ ဒါကြောင့် ဆူပူအော်ငေါက်ခြင်း၊ ရိုက်နှက်ခြင်း ဆိုတာဟာ သင်ကြား၊ သင်ယူမှုကို အထောက်အကူ ဖြစ်စေရုံလောက်သာ ဖြစ်သင့်တယ်လို့ ပြောချင်ပါတယ်။ တစ်ခန်းကို ကလေး ငါးဆယ်၊ ခြောက်ဆယ်လောက်နဲ့ တစ်နေကုန် နှစ်ပါးသွားနေရတဲ့ ဆရာ၊ ဆရာမတွေရဲ့ ဘဝကိုလည်း ကိုယ်တွေ့ရင်ဆိုင်နေရတာမို့ မလွယ်ကူလှတာကိုတော့ ရင်နဲ့ရင်းပြီး သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဆီမှာ ရှိနေတဲ့ မကုန်ခန်းနိုင်အောင် ပေါများလှတဲ့ မေတ္တာ၊ စေတနာ၊ ကရုဏာတွေကို အသုံးချပြီး အနာဂတ်ပန်းကလေးတွေ သူတို့အမှား သူတို့ပြန်မြင်ပြီး ပြုပြင်နိုင်ဖို့ အခွင့်အရေးလေးတော့ ပေးကြပါဦးစို့လားရှင်။                                                                       

“ကရုဏာဒေါသောနဲ့ ရိုက်မိပါတယ် ဆိုတာကို လက်မခံပါဘူး”
ဒေါ်အေးအေးမော် (အလယ်တန်းပြ၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ မကွေးမြို့။)

တနင်္ဂနွေ ကျောင်းပိတ်ရက် တစ်ရက်မှာ ပညာရေး စိတ်ဝင်စားတဲ့ ကျောင်းသားမိဘတစ်ဦးနဲ့ ကျွန်မ  အခုလို ဆွေးနွေးစကားပြောဖြစ်ခဲ့ပါတယ်။ ကျောင်းသားမိဘက အခုလို မေးပါတယ်။ “ဆရာမခင်ဗျာ။ ပညာရေး သဘောတရားမှာဆို ကလေးကို Positive Reinforcement ဘယ်လိုပေးမလဲ။ Negative Reinforcement ဘယ်လိုပေးမလဲ ဆိုတာတွေ သင်ရပါတယ်။ အဲဒီထဲမှာ ရိုက်တာမပါဘူးနော်” တဲ့။ 

ကျွန်မ အခုလိုပဲ ရိုးသားစွာ ဖြေလိုက်ပါတယ်။ ဟုတ်ကဲ့ပါ။ ဘဝရဲ့ လက်ဦးဆရာ မိဘနှစ်ပါးက သား သမီးကို ဆုံးမသွန်သင်ခွင့် ရှိသလို၊ ဆရာ့ဝတ္တရား ငါးပါးမှာလည်း တပည့်တွေကို ‘အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ’ ဖို့  ဗုဒ္ဓမြတ်စွာ ဘုရားဟောကြားခဲ့ပါတယ်။ မိဘနှစ်ပါးက သားသမီးတွေကို ဆုံးမရာမှာ အကြောင်းကိစ္စကို လိုက်ပြီး သင့်တော်သလို အပြစ်ပေးတာ ရှိပါတယ်။ ဆရာက တပည့်ကို ဆုံးမတဲ့အခါ အမှား၊ အမှန် အကောင်းအဆိုး၊ အကျိုးအပြစ်ကို စဉ်းစားဆင်ခြင်တတ်အောင် လေ့ကျင့်ပေးရပါတယ်။ 

ကရုဏာဒေါသနဲ့ ရိုက်မိပါတယ် ဆိုတာကို လက်မခံပါဘူး။ မေတ္တာ၊ ကရုဏာဆိုတာ ဒေါသရဲ့ ဆန့်ကျင်ဘက် အဒေါသ ဖြစ်ပါတယ်။ ကလေးရဲ့အပြစ်ကို သူကိုယ်တိုင် သေချာသိအောင် ရှင်းပြပြီး ဒေါသစိတ် မပါဘဲ အပြစ်နဲ့ သင့်တော်အောင် ရိုက်ပြီး ဆုံးမရတဲ့အခါလည်း ရှိမှာပါ။ ဒါပေမဲ့ ရိုက်တာထက် ပိုဆိုးတဲ့ အပြစ်ပေးတာမျိုးတွေ မလုပ်စေချင်ပါဘူး။ စိတ်ဒဏ်ရာ ဖြစ်အောင် ကြမ်းကြမ်းတမ်းတမ်း၊ နစ်နစ်နာနာ ပြောဆိုဆက်ဆံတာက အကျည်းတန်ဆုံး၊ အရုပ်အဆိုးဆုံးပါပဲရှင့်။ 

ကလေးကောင်းကျိုး ရည်ရွယ်ပြီး ဆုံးမလိုက်တဲ့အတွက် ဆရာ၊ ဆရာမရိုက်လို့ဆိုပြီး ပြဿနာ ဖြစ်စရာ အကြောင်းမရှိပါဘူး။ လုပ်သင့်လုပ်ထိုက်တာထက် ပိုပြီး ဒေါသတကြီး အလွန်အကျွံရိုက်တာ မဟုတ်ရင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၇၉ မှာ ကင်းလွတ်ရမြဲ အချက်ပြဋ္ဌာန်းထားပါတယ်။ ဒီလိုတရားဥပဒေအရ  အကာအကွယ် ရှိသော်လည်း ဆရာတစ်ဦးအနေနဲ့ ကိုယ်ရေးကိုယ်တာ စိတ်ခံစားမှုကြောင့် ဒေါသအလျောက် ရိုက်ပြီး ဆုံးမမယ် ဆိုရင်တော့ ဆရာ့အမှား ဖြစ်သွား မှာပါ။ ဒေါသမပါတဲ့ မှန်ကန်တဲ့ ပဲ့ပြင်ဆုံးမမှု ဖြစ်အောင် ကျွန်မတို့ ဆရာ၊ ဆရာမတွေ ကြည်လင်တဲ့စိတ်ထားနဲ့ သတိထားကြရမှာ ဖြစ်ပါတယ်ရှင်။        
                        
“ရိုက်နှက်ဆုံးမမှ လိမ္မာမယ်ဆိုတာ အကြွင်းမဲ့ မှန်ကန်တဲ့အဖြေ မဟုတ်ပါဘူး”
ဒေါ်နီလာဝင်း (သူငယ်တန်း (KG) ပြ ဆရာမ၊ အမှတ် (၃၅) အခြေခံပညာ အထက်တန်းကျောင်း၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့)

ကျွန်မကတော့ ရိုက်ဆုံးမတာ အားမပေးပါဘူး။ ကလေးတွေ စိတ်ရော၊ ကိုယ်ရော နာကျင်စေမှာကို အတတ်နိုင်ဆုံး ရှောင်ပါတယ်။ မဖြစ်မနေ ရိုက်ဆုံးမဖြစ်ခဲ့ရင် ကျွန်မတို့ရဲ့ ဒေါသ၊ အတ္တ၊ လောဘတွေ မပါစေဖို့ အရေးကြီးပါတယ်။ ခေတ်နဲ့အညီ ပြောင်းလဲလက်ခံလာတဲ့ အမြင်သစ်ရယ်၊ ပိုင်ပိုင်စိုးစိုး၊ နာနာကျင်ကျင် အပြစ်ပေးမှ နွေးထွေးရင်းနှီးမှုပြတဲ့ စေတနာ အမှန်လို့ အသားကျနေတဲ့ ကျွန်မတို့ လူ့အဖွဲ့အစည်းရဲ့ အမြင်တွေကြားမှာ ဆရာ၊ ဆရာမတွေဟာ ကလေးရဲ့ ခံစားမှုနဲ့အတူ ကျွန်မတို့ရဲ့ စာနာမှု၊ မျှတမှု၊ နားလည်မှုတွေ ပါဝင်တဲ့ စေတနာနဲ့ အပြစ်ပေးနိုင်ဖို့ စာများများဖတ်၊ အတွေ့အကြုံတွေ ပြန်သုံးသပ်၊ နောက်ခံဘဝကို လေ့လာပြီးမှ အပြစ်ပေးတတ်ဖို့ ကြိုးစားရမှာပါ။ 

ရိုက်နှက်ဆုံးမမှ လိမ္မာမယ်ဆိုတာ အကြွင်းမဲ့ မှန်ကန်တဲ့အဖြေ မဟုတ်ပါဘူး။ အခုခေတ်မှာ ဆုံးမစေလိုသူ မိဘနဲ့ ဆုံးမခံရသူ ကလေးရဲ့ သဘောထားအမြင် ပြောင်းလဲလာမှုအပေါ် မူတည်ပြီး ကျွန်မတို့ ဆရာ၊ ဆရာမတွေ သဘောထားအမြင်ကလည်း လိုက်လျောညီထွေ ပြောင်းလဲ ကိုင်တွယ်သင့်ပါတယ်။ အနာဂတ်မှာ ကြီးပြင်းလာမယ့် ကလေးအတွက် ရိုက်နှက်လို့ ငြိမ်ဝပ်ပိပြား လိုက်နာခြင်းဟာ ကလေးရဲ့ အနာဂတ်တန်ဖိုး၊ သူ့ဘဝတစ်လျှောက်လုံး အတွက် တန်ဖိုးဖြစ်သလားဆိုတာ ကျွန်မ အမြဲမေးမိတဲ့ မေးခွန်း ဖြစ်ပါတယ်။ 

ကျောင်းသားဆိုး တစ်ယောက်ကို ထိန်းသိမ်းဆုံးမဖို့က ပြီးခဲ့တဲ့ အတန်းတွေက ဆရာမဆီက ကလေးရဲ့ အချက်အလက်တွေရယ်၊ အကြံဉာဏ်တွေရယ်၊ မိဘရဲ့ ဘဝရပ်တည်မှုရယ် လက်ရှိဘာသာပြ ဆရာတွေရယ် ညှိနှိုင်းသင့်ပါသေးတယ်။ မိဘကို စည်းရုံးရာမှာ သူတို့သားသမီးရဲ့ အပြစ်တွေ၊ ဆိုးသွမ်းမှုတွေ ဦးတည်ပြောတာထက် ကိုယ့်ရဲ့စေတနာ ပေါ်လွင်အောင်ပြပြီး သူ့ဘဝကောင်းမွန်စေဖို့ ဦးတည်ဆွေးနွေးရင် ပါဝင်လက်ခံလာလိမ့်မယ်လို့ ထင်ပါတယ်ရှင့်။

နေဇာကျော်  



FOLLOW US