POST TAGGED AS

ပညာရေး

တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားမရှိ
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အားကစားကျေးရွာ (Gold Camp, Gold Medal Hall) ၌ ဇူလိုင်လ ၂၁ ရက်နေ့က ကျင်းပသည့် ပညာရေးဝန်ကြီးဌာန ၂၀၁၆ ခုနှစ် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ‘အခြေခံပညာသင် ဆရာ၊ ဆရာမများအနေနှင့် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အနစ်နာဆိုသည်မှာ စေတနာနှင့် ဝါသနာအပေါ်  အခြေခံရမည်ဖြစ်ကြောင်း၊ စေတနာ၊ ဝါသနာမှန်ပါက အနစ်နာခံနိုင်သည့်စိတ်၊ အနစ်နာခံချင် သည့်စိတ်၊ အနစ်နာခံနိုင်သည့် စွမ်းအားများ ရှိလာမည်ဖြစ်ကြောင်း၊ အခြေခံပညာကို ခိုင်မာအောင်လုပ်ရန် အရေးကြီးကြောင်း’  ပြောကြားသွားပါသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားမှာ အလွန်မှန်ကန်၍  သာယာနာပျော်ဖွယ် ရှိသည့်အပြင် မြန်မာ့လူ့ဘောင်နယ်ပယ်တွင်လည်း ဤ အတိုင်းပင် ကျင့်သုံးဆောင်ရွက်ခဲ့ကြသည်သာ ဖြစ်ပါသည်။ ထို့ထက်ပိုမို၍  သာယာနာပျော်ဖွယ် ရှိသော စကားတစ်ခွန်း ကိုလည်း ပြီးခဲ့သော နဝတအစိုးရ ခေတ်တွင် ကျွန်တော်တို့ ကြားဖူးခဲ့ပါသည်။ ပြောဆိုသူမှာ ရန်ကုန်တိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး(နောင်-သာသနာရေးဝန်ကြီး) ဒုတိယဗိုလ်ချုပ်ကြီးမျိုးညွန့် ဖြစ်ပါသည်။ ၎င်းက ပညာရေးဆိုင်ရာ အစည်းအဝေးတစ်ခုတွင် အထက်ဖော်ပြပါ ‘နာသုံးနာ’ အပြင် ‘ဆရာဆိုသည်မှာ တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိကို စား၍ အားရှိနေသူများဖြစ်ပါကြောင်း’ စသည်ဖြင့် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ 

အဆိုပါပြောကြားချက်အပေါ်  နှစ်သက်သဘောကျ လက်ခံသူများ ရှိကြသကဲ့သို့  ဘဝင်မကျဖြစ်ကာ ကွယ်ရာတွင် မကြားတကြား ပြောကြသူများလည်း ရှိကြပါသည်။ ထိုအချိန်က ပုဂ္ဂလိကသတင်းစာများ မရှိသေး သည့်အပြင် လူမှုကွန်ရက် စာမျက်နှာကလည်း မြန်မာနိုင်ငံတွင် ခေတ်မစား သေးသည်ဖြစ်ရာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်သံများ ထွက်ပေါ်လာခြင်း မရှိခဲ့ပါ။ သို့သော်လည်း မြန်မာ့ပညာရေးလောက အထူးသဖြင့် ကျူရှင်စနစ်နှင့် ပတ်သက်၍ကား ယခင့်ယခင် ကာလများမှသည် ယနေ့ကာလ များအထိတိုင် ပြောမဆုံးပေါင် တောသုံးထောင်ပင် ဖြစ်နေပါသည်။ 

မြန်မာနိုင်ငံတွင် ကျူရှင်ပညာရေးစနစ် မည်သည့်အချိန်ကာလက စတင် အမြစ်တွယ်လာခဲ့သည်ကို နှစ်ကာလ အတိအကျဖြင့် ပြောရန်ခက်ခဲသော်လည်း အခြေခံပညာဆယ်တန်း (ယခုတက္ကသိုလ်ဝင်တန်း) တွင် ရရှိသောအမှတ်ကို အခြေခံကာ မိမိတက်ရောက်လိုသော တက္ကသိုလ်ကို ရွေးချယ်လျှောက်ထားခွင့်၊ တက်ရောက်ခွင့်ပြုခဲ့သည့် အချိန်မှစတင်ခဲ့သည် ဟူ၍  ယေဘုယျအားဖြင့် ဆိုနိုင်ပါသည်။ အစောပိုင်းကာလများတွင် ကျောင်း၌ စာမလိုက်နိုင်သူများကို ဆရာ၊ ဆရာမများက ကျောင်းတွင် အချိန်ပိုယူ၍ သင်ကြားခြင်းမှစကာ နောက်ပိုင်းတွင် ပြင်ပဆရာများက အခကြေးငွေယူ၍  သင်ကြားခဲ့ကြပါသည်။ 

ကျူရှင်စနစ်အစပြုသည့် အစောပိုင်းကာလများ၌ အတန်းထဲတွင်  စာမလိုက်နိုင်သူများ၊ ဘာသာရပ်အလိုက် အားနည်းသူများက မိမိ အားနည်းသည့်ဘာသာရပ်ကို ကျူရှင်ယူကြရာမှသည် နောက်ပိုင်းတွင် စာမေးပွဲ၌ အမှတ်ကောင်းကောင်းရရှိရေး၊ ဂုဏ်ထူးထွက်ရှိရေးကို ဦးတည် လာကြပြီး တစ်ဘာသာ၊ နှစ်ဘာသာချင်း သင်ကြားကြရာမှသည် ဘာသာစုံ သင်ကြားသော ကျူရှင်များ အသီးသီးပေါ်ပေါက်လာကြကာ အစိုးရကျောင်း သင်ပညာရေးကို စိန်ခေါ်လာကြသည်အထိ ဖြစ်လာပါတော့သည်။ 

ပြင်ပ ကျူရှင်သင်တန်းများတွင် ဘာသာရပ်အလိုက် သင်ကြားမည့် ဆရာ အခက်အခဲရှိသောအခါ ကျူရှင်ဆရာများသည် ကျောင်းသင်ပညာ ရေးတွင်  အသင်အပြကောင်းသည်ဟု နာမည်ရသော (တက္ကသိုလ်ဆရာ များအပါအဝင်)  အစိုးရဝန်ထမ်းဆရာ၊ ဆရာမများကို စည်းရုံးဆွဲဆောင်ကာ မိမိတို့၏ ကျူရှင်များတွင် အချိန်ပိုင်းဝင်ရောက်၍ ကူညီသင်ကြားပေး ရာမှသည်  တစ်စတစ်စနှင့် ကျောင်းသင်ပညာရေး လောကနှင့် ပြင်ပသင်ကြား ကျူရှင်ပညာရေးလောကတို့ ပေါင်းကူး ဆက်သွယ်မိသွားကြခြင်း ဖြစ်ပါသည်။ 

ထိုကဲ့သို့သော အခြေအနေကို မီးလောင်ရာ လေပင့်သည့်သဖွယ်  ပညာရေးလောက တစ်ခုလုံးကို ကျူရှင်စနစ်က ဝါးမျိုသွားရခြင်းသည်ကား ဆိုရှယ်လစ်နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်ပေါ်တွင် အခြေပြုသော ဆိုရှယ်လစ် စီးပွားရေးစနစ်ကြောင့်ပင် ဖြစ်ပါသည်။ 
ဆိုရှယ်လစ်စီးပွားရေး စနစ်ကြောင့် တစ်စတစ်စ ချွတ်ခြုံကျလာသော တိုင်းပြည်၏ ဘဏ္ဍာရေး အခြေအနေသည် အုပ်ချုပ်ရေးလောကကို ပြန်လည်ရိုက်ခတ်ကာ ဝန်ထမ်းများကို အလွန် နည်းပါးသော လစာငွေကိုသာ ပေးနိုင်တော့ခြင်းပင် ဖြစ်ပါသည်။ 

ထိုအချိန်က အစိုးရဝန်ထမ်းများသည် ရရှိသောလစာငွေနှင့် မလုံလောက်ကြ သည့်အတွက် အမျိုးသားများက ရုံးချိန်ပြင်ပတွင် ဆိုက်ကားနင်းခြင်း၊  ဗေဒင်ဟောခြင်းနှင့် အမျိုးသမီးများက ရုံးချိန်အတွင်း မှောင်ခို အထည်အစများကို လပေးစနစ်ဖြင် ရောင်းချခြင်းအပါအဝင် အချို့မှာ ရုံးမတက်မီ ဈေးအတွင်း မုန့်ဟင်းခါးရောင်းခြင်း အပါအဝင် ဘဝကို နည်းမျိုးစုံဖြင့် ရုန်းကန်လှုပ်ရှား၍ ဘဝရပ်တည်ရေး၊ အသက်ရှင်သန်ရေး အတွက် တစ်ဝမ်းတစ်ခါး ရှာဖွေကြရပါသည်။ ကျွန်တော် ရှမ်းပြည်နယ်တွင် တာဝန်ထမ်းဆောင်စဉ် ဝန်ထမ်းငယ်များကို အပတ်စဉ် အလှည့်ကျ ခွင့်ပေး၍  မှောင်ခိုပစ္စည်း သယ်ယူရောင်းချသည်ကို မသိချင်ယောင်ဆောင် ပေးခဲ့ရဖူးပါသည်။ အချို့ဝန်ထမ်းများမှာ မှောင်ခိုလောကသို့ လုံးဝ ဝင်ရောက်သွားပြီး  ကြီးပွားချမ်းသာသွားသူများ ရှိကြသကဲ့သို့ ဘဝပျက်သွားသူများလည်း အများအပြားပင် ရှိကြပါသည်။ 

ထိုကဲ့သို့ ပြင်ပသို့ထွက်၍ စီးပွားမရှာနိုင်သူများမှာ ရုံးတွင်းမှာပင် အကြံအဖန်ဟု ဆိုသော စီးပွားရှာခြင်းအမှုကို ပြုလာကြပါသည်။ ပထမတော့ သူများ လက်ဖက်ရည်တိုက်သည်ကို သောက်သည်။ သူများကျွေးသည်ကို စားသည်။ နောက်တော့ လက်ဖက်ရည်ဖိုးဟုဆိုကာ တောင်းသည်။ ထိုမှတစ်ဖန် ထမင်းတစ်ဝိုင်းစာ One Table ဆိုတာ ခေတ်စားလာသည်။ ထိုခေတ်က လက်ဖက်ရည်ဖိုးနှင့် One Table  ဆိုသော စကားလုံးများ အလွန်ခေတ်စားပါသည်။ 

ထိုကဲ့သို့ ဝန်ထမ်းလောကအတွင်း လာဘ်ပေးလာဘ်ယူခြင်း၊  အဂတိတရား လိုက်စားခြင်းများ အစပြုလာသော်လည်း နံဘေးမှနေ၍ နတ်ကရာ ကြည့်မော ဖြစ်နေကြသူများမှာ မည်သည့်လုပ်ပိုင်ခွင့်မျှ မရှိသော၊ မည်သည့် အကြံအဖန်မှမရှိသော ပညာရေးဝန်ထမ်း၊ ကျောင်းဆရာ၊ ဆရာမများပင် ဖြစ်ပါသည်။ 

သူတို့တစ်တွေမှာ လစာကနည်း၊ စားဝတ်နေရေးက မပြေလည် ဖြစ်ရာ နောက်ဆုံးတော့ တတ်သည့်ပညာ မနေသာဆိုသလို ကျူရှင်လေး ဘာလေး ပြစားကြရပါတော့သည်။ ကျူရှင်ပြသည် ဆိုရာမှာလည်း နယ်မြို့ငယ်များနှင့် ကျေးလက်တောရွာများတွင် ပြသသည့် ဆရာ၊ ဆရာမများမှာ အခကြေးငွေ လောက်လောက်လားလား ရရှိကြသည်မဟုတ်ပါ။  အချို့မှာ ခြံထွက်သီးနှံများ၊ ပုဆိုးလေး၊ လုံချည်လေး ကန်တော့ခံရသည့် အဆင့်သာ ရှိကြပါသည်။ အမှန်တကယ်တော့ ကျူရှင်လောက၊ အထူးသဖြင့် ဝန်ထမ်း ဆရာ၊ ဆရာမများက ပြသသည့် ကျူရှင်လောက နာမည် ပျက်နေရသည်မှာ မြို့ ကြီးပြကြီးများမှ လောဘသား ဆရာ၊ ဆရာမများ ကြောင့်သာလျှင် ဖြစ်ပါသည်။ 

ပထမတော့ ဆယ်တန်းကို ပြင်ပကျူရှင်အနေနှင့် ပြသည်။ နောက်တော့ ကိုယ့်အတန်းကို ကိုယ်ပြန်၍ ကျူရှင်ပြသည်။ ကိုယ့်အတန်းက ကလေးတွေကို မတက်လျှင်မနေနိုင်အောင် လုပ်သည်။ စာမေး၍ မရလျှင် ဆူသည်၊ ပူသည်။ အတန်းထဲမှာ စာကို ကောင်းကောင်းမသင်။ ကျူရှင်မှာ စာကောင်းကောင်းသင်သည်။ အတန်းထဲမှာ သင်ရိုးညွှန်းတမ်း ကုန်အောင်မသင်၊ ကျူရှင်မှာသင်သည်။ ကျူရှင်က ကလေးတွေကို မေးခွန်းပြောသည်၊ စာမေးပွဲ အအောင်ပေးသည်။ ကျူရှင်မယူသူက မေးခွန်းမရ၊  စာမေးပွဲကျသည်။ ဤသို့ဖြင့် ကျောင်းဆရာ၊ ဆရာမလောက သိက္ခာကျသည်၊ နာမည်ပျက်သည်။ သည်တော့ ကျူရှင်မသင်ရဆိုသည်က ဖြစ်လာသည်။ ထိုအခါ မြို့ငယ်၊ ရွာငယ်များမှ မရှိ၍ လုပ်စားကြသည့် ဆရာမလေးတွေ ဒုက္ခရောက်ကြရှာသည်။  သူတို့လေးတွေ မိဝေးဖဝေးနေကြရပြီး  ဒူးလောက်၊ ပေါင်လောက်နက်သော ချောင်းထဲဖြတ်ကာ စာသင်သွားနေ ကြတာကို တွေ့ရတော့ ကိုယ်ချင်းစာနာ သနားမိသည်။ မြို့ပေါ်ကဆရာ၊ ဆရာမအများစုကတော့ ထိုသို့မဟုတ်၊ အချို့  ကိုယ်ပိုင်ကားနှင့် ကျောင်းတက်နိုင်သည်။ ရွှေတွေ၊ ငွေတွေ သီးနေအောင် ဝတ်သည်။  ကျူရှင်လခက သိန်းနှင့်ချီ၍ရကြသည်။ မည်သို့သော အကပ်အရပ် ကောင်း၍မသိ၊  နယ်ကျောင်းသို့ ပြောင်းရွှေ့ရသည်မရှိ။ 

ထို့ကြောင့်  ပညာရေးလောကကို ဖြိုမည်ကြံလျှင် အမြစ်ကစ၍ ဖြိုရမည်ဖြစ်သည်။ အမြစ်ကစ၍ ဖြိုရမည်ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသလို ‘အခြေခံပညာ မူလတန်းပညာရေးကို ဦးစားပေး၍ ကောင်းအောင်လုပ်ခြင်း’ သက်သက်ကိုသာ ဆိုလိုလိုရင်းမဟုတ်။ ပညာရေးပိုင်းက တစ်ကဏ္ဍ ဖြစ်သည်။ ကျွန်တော်ဆိုလိုသည်က ပညာရေးကို မကောင်းအောင် လုပ်နေသော စနစ်ဆိုးကြီးကို အမြစ်ကစ၍  လှန်ရမည်ဟု ဆိုလိုရင်းဖြစ်သည်။  ရန်ကုန်မြို့လယ်ကောင်မှ ကျောင်းများကိုသာ ကျောင်းကြီး၊ ကျောင်းကောင်းဟူ၍ စွဲနေသည့်စနစ်ကို ဖျောက်ပစ်ရမည်ဖြစ်သည်။ 

အစိုးရကျောင်းအားလုံး၏ အရည်အသွေးသည် တစ်ပြေးညီ ဖြစ်နေရမည်။  ထိုကျောင်းမှ ဆရာ၊ ဆရာမများ၏ အရည်အချင်းသည်လည်း အခြားကျောင်းများမှ ဆရာ၊ ဆရာမများ၏ အရည်အချင်းနှင့် ကွာဟမှု မရှိစေရပါ။ သင်ကြားပြသမှုကောင်း၍ ထူးချွန်ထက်မြက်သော ဆရာ၊ ဆရာမများကို ထိုက်တန်သော ဆုချီးမြှင့်ခြင်းဖြင့်  မြှောက်စားသင့်သည်။ ထူးချွန်ထက်မြက်သော ဆရာ၊ ဆရာမများကို မြို့လယ်ကောင်ရှိ ကျောင်းများ၌သာ မပြောင်းမရွှေ့ထားသော စနစ်နှင့်  ငွေကြေးတတ်နိုင်သော မိဘများ၏ သားသမီးများသာ မြို့လယ်ကျောင်းများ၌  ထားနိုင်သည့်စနစ်ကို ပပျောက်အောင် ဖျောက်ဖျက်ပစ်ရမည်ဖြစ်သည်။ 

ထို့အပြင် ယနေ့ကျူရှင်စနစ်၏ မြစ်ဖျားခံရာတစ်ခု ဖြစ်သော အခြေခံပညာ ဆရာ၊ ဆရာမများ၏ ခံစားခွင့်နှင့် လစာနည်းပါးခြင်းကိုလည်း အမြန်ဆုံးကုစားဖို့ လိုမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အောက်ခြေဝန်ထမ်းများနှင့် အခြေခံပညာရေး ဝန်ထမ်းများ၏  သက်သာချောင်ချိရေး ကိစ္စကို ပစ်ထားမည်မဟုတ်ကြောင်း ပြောကြားခဲ့ဖူးသည်ကိုလည်း အမှတ်ရမိပါသည်။ ထိုကတိစကားကိုလည်း အချိန်မနှောင်းမီ အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုမည် ဖြစ်ပါသည်။ 

အချိန်မနှောင်းမီဟု ဆိုရခြင်းမှာ အခြေခံပညာမူလတန်းသင် ဆရာ၊ ဆရာမများ၏ စားဝတ်နေရေး လိုအပ်ချက်ကို မဖြည့်ဆည်းဘဲနှင့် အခြေခံပညာရေးကို တိုးတက်မြင့်မားလာအောင် မည်သို့မျှ ဆောင်ရွက်၍ရမည် မဟုတ်သည့်အတွက် ဖြစ်ပါသည်။ 

အထက်ဖော်ပြပါ နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားရာ၌ ‘၎င်းအနေနှင့် မူလတန်းပညာကို လွန်စွာ အလေးထားပါကြောင်း၊  မူလတန်းသင်ရသည့် အလုပ်သည် အခက်ခဲဆုံးနှင့် အရေးအပါဆုံးဆိုသည်ကို လက်ခံထား၍ဖြစ်ပါကြောင်း၊ အစကောင်းမှ အနှောင်းသေချာမည် ဖြစ်သည့်အတွက် အစကောင်းအောင် လုပ်ပေးရသည့် မူလတန်းအဆင့် ဆရာ၊ ဆရာမများနှင့် မူလတန်းပညာသည် အရေးကြီးသည့်အတွက် အခြေခံ၏ အခြေခံဟု ပြော၍ရပါကြောင်း၊  သင်ကြားရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် ဆရာ၊ ဆရာမများအနေနှင့် မိမိလုပ်ငန်းကို မွန်မြတ်သည့်လုပ်ငန်း၊ နောင်မျိုးဆက်များကို ပြုစုပျိုးထောင် ပေးနေသည့် လုပ်ငန်းဆိုသည့် ယုံကြည်မှုအပေါ် အခြေခံပြီးမှသာလျှင်  စေတနာနှင့် သင်ကြားပေးနိုင်မည် ဖြစ်ကြောင်း’ စသည်ဖြင့် ထည့်သွင်း ပြောကြားခဲ့ပါသည်။ 

မြန်မာ့ယဉ်ကျေးမှုအရ ဘုရားနှင့် တစ်ဂိုဏ်းတည်းထားသည့် မိဘကိုပင် သားသမီးများက လုပ်ကျွေးသမှုပြုရာ၌ မည်မျှပင် စေတနာထားသည်ဖြစ်စေ၊ မိမိကိုယ်တိုင် ပြည့်စုံလုံလောက်မှု မရှိပါက လုပ်ကျွေးသမှု ပြုနိုင်မည် မဟုတ်ပါ။ ဆရာ၊ ဆရာမများသည်လည်း အလားတူပင်ဖြစ်ပါသည်။ ကျောင်းသားလူငယ်များအပေါ်  မိမိက မည်မျှပင်စေတနာထား၍  သင်ကြားပေးလိုသည်ဖြစ်စေ၊ မိမိကိုယ်တိုင်၏ စားဝတ်နေရေး ပြည့်စုံလုံလောက်မှု မရှိပါက စေတနာအပြည့်အဝ ထားရှိနိုင်မည် မဟုတ်ပါ။ ဤနေရာ၌  ထည့်သွင်းစဉ်းစားရမည့် အချက်မှာ အခြေခံပညာ မူလတန်း ဆရာ၊ ဆရာမများနှင့် အဆင့်မြင့်ပညာသင် ဆရာ၊ ဆရာမများကိုခွဲခြား၍  စဉ်းစားသင့်သကဲ့သို့ မြို့ကြီးပြကြီးများမှ ဆရာ၊ ဆရာမများနှင့်  ကျေးလက်များမှ ဆရာ၊ ဆရာမများကိုလည်း ခွဲခြားစဉ်းစား၍ ပံ့ပိုးဆောင်ရွက် ကြရမည်ဖြစ်ပါသည်။ 

ကျူရှင်စနစ် ပပျောက်ရေးအတွက် ဆောင်ရွက်ကြရာတွင်လည်း အလားတူပင်ဖြစ်ပါသည်။ စနစ်တကျ ပညာရေးမူဝါဒများ ချမှတ်ပြီးမှသာလျှင် ကျူရှင်စနစ်နှင့် ပတ်သက်၍  အလေးထားစဉ်းစား ဆောင်ရွက်ကြစေ လိုပါသည်။ ထိုသို့မဟုတ်ဘဲ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း နှင့်ဆိုပါက တက္ကသိုလ်ဝင်တန်း စာမေးပွဲများတွင် မညီညွတ်၊ မမျှတသော ကမောက်ကမ အောင်ချက်ရာခိုင်နှုန်းများ ဆက်လက် ထွက်ပေါ်နေဦးမည် ဖြစ်ပါသည်။ 

နိဂုံးချုပ်တင်ပြလိုသည်မှာ ကျောင်းဆရာဝင်လုပ်ပြီး စာသင်ကြားနေသည် ဆိုကတည်းက ဝါသနာက အထိုက်အလျောက်ပါရှိပြီး ဖြစ်ပါသည်။ ဝါသနာ၏နောက်တွင် စေတနာဆိုသည်က အလိုအလျောက် လိုက်ပါစမြဲဖြစ်ကာ ထိုစေတနာကို ပို၍ပို၍ ထက်သန်လာအောင်၊ အနစ် နာခံချင်လာအောင် ဆိုသည်က အသပြာနှင့် ပံ့ပိုးကူညီမှ ရပါမည်။ အသပြာ မလာဘဲနှင့် စေတနာဒလဟော ထွက်ပေါ်လာဖို့ ဆိုသည်မှာ မလွယ်ပါ။ အဘယ်ကြောင့်ဆိုသော် စားဝတ်နေရေးနှင့်  ဘဝရပ်တည်ရေးက ရှိပါသေးသည်။ ဆရာဆိုသည်က တစ်ပြားမှ မရှိသော်လည်း တပည့်က မရှားပါ။ သို့သော်လည်း ပီတိကိုစားရုံမျှ သက်သက်နှင့်တော့ အားရှိလာမည် မဟုတ်ပါ။ အားရှိလာဖို့ ဆိုလျှင်တော့...။ 

သိန်းထက်အောင်



FOLLOW US