News

POST TAGGED AS

ပစ်ခတ်တိုက်ခိုက်မှု

ကိုလမ်ဘိုင်ကျောင်းတွင်းပစ်ခတ်မှု နှစ်ပတ်လည်တွင် သေနတ်အကြမ်းဖက်မှု အဆုံးသတ်ရန် အမေရိကန်ကျောင်းသား သိန်းနှင့်ချီဆန္ဒပြ


ဝါရှင်တန်၊ ဧပြီ ၂၀

အမေရိကန်နိုင်ငံတစ်ဝန်းရှိ ကျောင်းပေါင်း ၂၇၀၀ ကျော်မှ သိန်းချီသည့် ကျောင်းသားကျောင်းသူများသည် ဧပြီလ ၂၀ ရက်နေ့တွင် ကျောင်းမှ ထွက်ခွာဆန္ဒပြပွဲများ တစ်ပြိုင်နက်ပြုလုပ်ခဲ့ကြပြီး ပိုမိုတင်းကျပ်သော သေနတ်ထိန်းချုပ်ရေး ဥပဒေများပြဋ္ဌာန်းပေးရန်၊ ကျောင်းတွင်းပစ်ခတ်မှုများမှ ဟန့်တားနိုင်ရေးပိုမို အလေးထားဆောင်ရွက်ရန် တောင်းဆိုခဲ့ကြကြောင်း DW သတင်းဌာနက ဖော်ပြသည်။

အိမ်ဖြူတော်အနီးချီတက်ပွဲ ပြုလုပ်ခဲ့သလို နယူးယောက်တွင်လည်း အသေကောင်ပမာ လဲလျောင်းဆန္ဒပြခဲ့ကြသည်။ ပြည်နယ်အသီးသီးတွင် ပါဝင်ဆန္ဒပြသူ စုစုပေါင်း ၁၅၀၀၀၀ အထိ ရှိမည်ဟုစီစဉ် သူများက ခန့်မှန်းထားသည်။ ဆန္ဒပြသူအများစုမှာ လက်နက်ထိန်းချုပ်ရေးလူ ငယ်လှုပ်ရှားမှု၏ သင်္ကေတဖြစ်သော လိမ္မော်ရောင် အဝတ်အစားများ ဝတ်ဆင်ထားခဲ့ကြသည်။

ဧပြီလ ၂၀ ရက်နေ့သည် ကော်လိုရာဒိုပြည်နယ်မှ ကိုလမ်ဘိုင် အထက်တန်းကျောင်း လူသတ်ပွဲဖြစ်ပွားမှု ၁၉ နှစ်မြောက်နေ့ ဖြစ်သောကြောင့် ယင်းနေ့တွင်ဆန္ဒပြရန် စီစဉ်သူများက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် ကျောင်းသားနှစ်ဦးက အခြားကျောင်းသား ၁၂ ဦးနှင့် ဆရာတစ်ဦးကို ပစ်သတ်ခဲ့ပြီး ၎င်းတို့ကိုယ်ကိုယ် သတ်သေခဲ့သည်။ ယင်းဖြစ်စဉ်မှာ အမေရိကန် ခေတ်သစ်သမိုင်းတွင် ပထမဆုံး ကျောင်းတွင်းပစ်ခတ်မှုဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် အမေရိကန်နိုင်ငံတစ်ဝန်း တုန်လှုပ်ခဲ့ရသော်လည်း လက်နက်ထိန်းချုပ်ရေးစည်းကမ်းများ တင်းကျပ်ရန်မှာမူ ယနေ့အထိ အောင်မြင်မှုမရသေးပေ။ ယင်းနောက်ပိုင်းတွင် အလားတူ ကျောင်းတွင်းပစ်ခတ်မှုများ ပုံမှန်ဖြစ်ပွားလာခဲ့ရာ ယခုနှစ် အစောပိုင်း ဖလော်ရီဒါပြည်နယ်ရှိ အထက်တန်းကျောင်းတွင်း ပစ်ခတ်မှုမှာ နောက်ဆုံးဖြစ်သည်။

လူ ၁၇ ဦးသေဆုံးခဲ့သော မဂျော်ရတီ စတုန်းမင်းန် ဒေါက်ဂလပ်စ် အထက်တန်းကျောင်းတွင်း ပစ်ခတ်မှုနောက်ပိုင်းတွင် အဆိုပါပစ်ခတ်မှုတွင် ရှင်ကျန်ခဲ့သော ကျောင်းသားအချို့ ဦးဆောင်ပြီးသေနတ် ကိုင်ဆောင်မှု ကန့်သတ်ရေးတောင်းဆိုမှုများကို နိုင်ငံတစ်ဝန်း လုပ်ဆောင်လာခဲ့သည်။ လူထုဖိအားကြောင့် ပြီးခဲ့သည့်လက ဖလော်ရီဒါပြည်နယ် လွှတ်တော်အမတ်များသည် လက်နက်ထိန်းချုပ်ရေး ဥပဒေသစ်တစ်ရပ် အတည်ပြုပြဋ္ဌာန်းပေးခဲ့ရသည်။ သို့သော်လည်းတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကန့်သတ်နိုင်ရေးမှာ အလှမ်းဝေးနေဆဲဖြစ်သည်။

အမေရိကန် ရိုင်ဖယ်အသင်းကဲ့သို့သော လွတ်လပ်စွာ လက်နက်ကိုင်ဆောင်ခွင့် ထိန်းသိမ်းရေး နှိုးဆော်သောအဖွဲ့များမှာ ဩဇာအလွန်ကြီးမားပြီး လွှတ်တော်အမတ်များနှင့် အစိုးရအပေါ် လွှမ်းမိုးနိုင်စွမ်းရှိနေသည်။ 

F-03




FOLLOW US