News

POST TAGGED AS

ပစ်ခတ်တိုက်ခိုက်မှု

ဖလော်ရီဒါ စာသင်ကျောင်းပစ်ခတ်မှု ဖြစ်ခဲ့သော်လည်း သေနတ်ပိတ်ပင်မှုကို NRA ထောက်ခံမည်မဟုတ်


ဖလော်ရီဒါ၊ ဖေဖော်ဝါရီ ၂၆

ဖလော်ရီဒါ စာသင်ကျောင်းတစ်ခုတွင် ၁၇ ဦးသေဆုံးခဲ့သော ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း သေနတ်ပိတ်ပင်မှုကို ထောက်ခံမည်မဟုတ်ဟု အမေရိကန်တစ်မျိုးသားလုံးဆိုင်ရာ ရိုင်ဖယ်အသင်း NRA က ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

NRA ကြေညာချက်သည် သေနတ်ထိန်းချုပ်မှုကို တင်းကျပ်မည့် သမ္မတထရမ့်၏အဆိုပြုချက်ကို ဆန့်ကျင်လိုက်ပုံရသည်။

မာဂျိုရီစတုန်းမန်း ဒေါက်ကလပ်စ် အထက်တန်းကျောင်း ပစ်ခတ်မှုအပြီးတွင် NRA သည် သေနတ်ထိန်းချုပ်ရေးဥပဒေအတွက် လှုပ်ရှားမှုများတွင် ပစ်မှတ်ဖြစ်လာခဲ့သည်။

အဆိုပါကျောင်းမှ ကျောင်းသားများသည် တနင်္ဂနွေနေ့က မိဘများလိုက်ပါလျက် ကျောင်းသို့ ပထမဆုံးအကြိမ် ပြန်လာခဲ့ကြသည်။ ကျောင်းဝင်းအတွင်းဝန်ဆောင်မှု အမျိုးမျိုးကိုရရှိနိုင်အောင် အာဏာပိုင်များက စီစဉ်ပေးထားပြီး ဗုဒ္ဓဟူးနေ့တွင် အချိန်ပြည့် ပြန်လည်တက်ရောက်ကြမည် ဖြစ်သည်။

NRA ပြောရေးဆိုခွင့်ရှိသူ ဒါနာလော့စ်က မည်သည့်သေနတ်ပိတ်ပင်မှုကိုမှ ထောက်ခံမည်မဟုတ်ကြောင်း၊ ဖလော်ရီဒါဖြစ်ရပ်သည် လုံခြုံရေးဌာနများ၏ မှားယွင်းမှုများ၊ နိုင်ငံရေးသမားများ၏ ချို့ယွင်းချက်များကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ NRA နှင့် မဆိုင်ကြောင်း ပြောကြားခဲ့သည်။

စာသင်ကျောင်းတွင် တာဝန်ကျနေသော လက်နက်ကိုင်ရဲအရာရှိသည် ပစ်ခတ်မှုဖြစ်ပွားနေစဉ် အဆောက်အအုံအပြင်ဘက်တွင် ရပ်နေခဲ့ပြီး ကြားဝင်ဟန့်တားခြင်း မပြုခဲ့ကြောင်းကို ဖြစ်ရပ်အပြီးတွင် တာဝန်ရှိသူများက ဖော်ထုတ်တွေ့ရှိခဲ့သည်။

ဖလော်ရီဒါတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်မျိုးကို လက်နက်ကိုင်ထားသော ကျောင်းဆရာများက တားဆီးနိုင်ရမည်ဟု သမ္မတထရမ့်က ယခုအပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။ ထို့အပြင် ယင်းကဲ့သို့ သေနတ်မျိုးကို ဝယ်ယူခွင့်ရှိသည့် အသက်အရွယ်ကိုလည်း ၁၈ နှစ်မှ ၂၁ နှစ်သို့ ပြောင်းလဲရန်နှင့် သေနတ်ဝယ်သူများ၏ နောက်ခံအချက်အလက်ကို ပိုမို စစ်ဆေးရန် သမ္မတကအဆိုပြုသည်။

ဖလော်ရီဒါပစ်ခတ်မှုမှ တရားခံသည် ကျောင်းသားဟောင်း နစ်ကိုလပ်စ် ၁၉ နှစ် ဖြစ်သည်။ 

ဒေါ်နယ်ထရမ့်သည် ဗုဒ္ဓဟူးနေ့က သမ္မတအိမ်တော် ဧည့်ခန်းဆောင်တွင် ကျောင်းသား၊ ဆရာနှင့် မိဘ ၄၀ ခန့်ထံမှ သေနတ်ဥပဒေပြောင်းလဲရေး မေတ္တာရပ်ခံမှုများကို နားထောင်ခဲ့သည်။

ထိုအချိန် သမ္မတအိမ်တော်အပြင်ဘက်တွင် ဝါရှင်တန်မှ ဆယ်ကျော်သက် လူငယ် တစ်ရာခန့်က ချီတက်စုဝေးခဲ့ကြပြီး လက်နက်ကိုင် ကျောင်းဆရာများထားရှိရေးကို ထောက်ခံခဲ့ကြသည်။

အမေရိကန်စာသင်ကျောင်း သမိုင်းတွင် ဒုတိယအများဆုံးသေဆုံးမှုဖြစ်သည့် ဖလော်ရီဒါပစ်ခတ်မှုတွင် သမီးဖြစ်သူမီဒိုကို ဆုံးရှုံးခဲ့ရသော ဖခင်အန်ဒရူးပေါလပ်က “စာသင်ကျောင်းမှာ ဒီလိုဖြစ်ရပ်မျိုး မဖြစ်သင့်ပါဘူး။ ဒီပြဿနာကို ကျွန်တော်တို့ မဖြေရှင်းနိုင်ခဲ့ဘူး”ဟု ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်က ဆန်ဒီဟွတ်မူလ တန်းကျောင်းပစ်ခတ်မှုတွင် သေဆုံးခဲ့သူ ဒန်နီယယ်၏ ဖခင်မတ်ဘာဒင်က “ကျောင်းဆရာတွေရဲ့ တာဝန်ယူမှုတွေဟာ လုံလောက်တာထက် ပိုနေပါပြီ။ သေနတ်တွေ ပိုများလာတာကို ဖြေရှင်းရပါလိမ့်မယ်”ဟု မှတ်ချက်ပေးသည်။

လက်နက်ကိုင်ဆောင်ခွင့်ပြုသည့် အမေရိကန်အခြေခံဥပဒေ ဒုတိယပြင်ဆင်ချက်ကို ထောက်ခံသူသေနတ်ချစ်သူများကမူ ယခုကျောင်းသားများစွာက ထောက်ခံနေကြသည့် လက်နက်အမျိုးအစားအချို့ ပိတ်ပင်ရေးအဆိုပြုချက်ကို လက်မခံနိုင်ကြပေ။

F-04



FOLLOW US