News

POST TAGGED AS

ပင်လုံညီလာခံ

ကုလကချီးမြှင့်သည့် ငြိမ်းချမ်းရေးဆု စစ်ကိုင်းအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာမှ ကျောင်းအုပ်ဆရာတော်ရရှိ

မန္တလေး၊ ဇွန် ၂၃

ကမ္ဘာ့ကုလသမဂ္ဂမှ ပေးအပ်သည့် ငြိမ်းချမ်းရေးဆု Stockholm World Peace prize 2018 ကို စစ်ကိုင်းမြို့ရှိ စစ်ကိုင်းအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ IBEC မှ ကျောင်းအုပ် ဆရာတော် ဦးသောဘိတက ရရှိသွားခဲ့ သည်။

အဆိုပါဆုသည် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များ၊ နိုင်ငံတကာ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပူးပေါင်းပါဝင်သည့်ပုဂ္ဂိုလ်များကို ရွေးချယ်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ယင်းဆုကို အမေရိကန်၊ အာဖဂန်နစ္စတန်၊ နီပေါ၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ရရှိခဲ့ကြောင်း ဦးသောဘိတက မိန့်ကြားသည်။

“နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ခံပေးတဲ့အတွက် ရှိခဲ့တာ။ မြန်မာနိုင်ငံမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ နိုင်ငံတကာ ဖိအားတွေ၊ ဗုဒ္ဓဘာသာအပေါ်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ မြင်နေကြတဲ့အမြင်တွေ ရှိတယ်။ လွဲမှားတဲ့အမြင်တွေပေါ့။ ဒီဆုပေးလိုက်တဲ့အတွက် တို့ဗုဒ္ဓဘာသာက ငြိမ်းချမ်းစေတဲ့ဘာသာဖြစ်တယ်။ နိုင်ငံကာက စွပ်စွဲပုတ်ခတ်သလို မဟုတ်ဘူးဆိုတာ ကမ္ဘာ့အလယ်မှာ ဝင့်ဝင့်ကြွားကြွား ပြောလို့ရတာပေါ့။ အခက်အခဲတွေကြားထဲကနေ ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးအနေနဲ့ မားမားမတ်မတ် ရပ်တည်ပေးတဲ့သဘောဖြစ်တယ်”ဟု ၎င်းက ရှင်းပြသည်။

ကုလသမဂ္ဂလက်အောက်တွင် တစ်ကမ္ဘာလုံးမှ ငြိမ်းချမ်းရေး အဖွဲ့အစည်းပေါင်း ၁၅ ဖွဲ့ဖြင့်ဖွဲ့စည်းထားသည့် Universal Peace Federation ရှိပြီး ယင်းအဖွဲ့ကြီးက World Peace Prize 2018 ကို ရွေးချယ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါဆုပေးအပ်ပွဲကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တော်ခန်းမ၌ ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂနှင့် Universal Peace Federation တို့မှကျင်းပမည့် World Peace ညီလာခံတွင် ပေးအပ်မည်ဖြစ်သည်။

M-05



FOLLOW US