News

POST TAGGED AS

ပင်စင်လစာ

ရုရှားတွင် ပင်စင်လစာ ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြ


မော်စကိုစက်တင်ဘာ ၃

ရုရှားနိုင်ငံတွင် ပင်စင်လစာ ပြုပြင်ပြောင်းလဲမှုကိစ္စနှင့် ပတ်သက်၍ သမ္မတပူတင်က မကြာသေးမီက လိုက်လျောကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ထပ်ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

မော်စကို ဆန္ဒပြပွဲများတွင် လူ ၁၀,ဝ၀၀ ကျော် ပါဝင်ခဲ့ပြီးအခြားမြို့ကြီးများတွင်လည်း ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သည်။

အစောပိုင်းတွင် အမျိုးသမီးများအတွက် ပင်စင်ယူရန် အသက်ကို ၅၅ နှစ်မှ ၆၃ နှစ်သို့၊ အမျိုးသားများအတွက် ၆၀ မှ ၆၅ နှစ်သို့ ပြောင်းလဲရန် အဆိုပြုခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဟူးနေ့ကမူ အမျိုးသမီးများအတွက် အသက် ၆၀ အထိသာ တိုးမြှင့်မည်ဟု ပူတင်က အလျှော့ပေးကမ်းလှမ်းခဲ့သည်။

ပင်စင်အသက်အရွယ် ပြောင်းခြင်းသည် ဘဏ္ဍာရေးအခြေအနေအရဖြစ်သည် ဟု ကာကွယ်ပြောဆိုခဲ့သော်လည်း လူထုထံမှ ပြင်းထန်သော တုံ့ပြန်မှုကိုရင်ဆိုင်ခဲ့ရပြီး ပူတင်၏ ရေပန်းစားမှုမှာလည်း ဇောက်ထိုးကျဆင်းသွားခဲ့သည်။

ရုရှားတို့သည် ပင်စင်လစာ ခံစားနိုင်လောက်အောင် အသက်မရှည်ကြဟု အလုပ်သမားသမဂ္ဂများက သတိပေးပြောကြားသည်။ ရုရှားအမျိုးသမီးတို့၏ ပျမ်းမျှသက်တမ်းမှာ ၇၇ နှစ်ခန့်ရှိသော်လည်း ရုရှားအမျိုးသားများ၏ သက်တမ်းမှာ ၆၆ နှစ်ခန့်သာရှိသည်ဟု WHO အဆိုအရ သိရှိရသည်။

၂၀၁၉ တွင် စတင်မည့် ပင်စင် အစီအစဉ်သစ်အရ အမျိုးသားများပင်စင်ယူရန် အသက်ကို ၆၀ မှ ၆၅ သို့၊ အမျိုးသမီးများကို ၅၅ မှ ၆၃ သို့ တိုးမြှင့်ရန် ရည်ရွယ်ထားသည်။ ယခင်အပတ်က ရုပ်သံမိန့်ခွန်းတွင် ပူတင်က ပင်စင်ယူသက် တိုးမြှင့်ရန် ကြန့်ကြာနေမှုကြောင့် ငွေဖောင်းပွမှုနှင့် ဆင်းရဲနွမ်းပါးမှုများကို မြင့်တက်လာစေခဲ့ကြောင်း၊ ဆက်လက်ဆိုင်းငံ့ထားပါက ရုရှားလူ့အဖွဲ့အစည်း၏ တည်ငြိမ်မှုနှင့် လုံခြုံမှုကို ထိခိုက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

၎င်း၏လက်ထက်တွင် ပစ်စင်ယူသက် အစီအစဉ်ကို လုပ်ဆောင်မည်မဟုတ်ဟု ကတိပေးထားသောပူတင်သည် အဆိုပါ မိန့်ခွန်းမပြောမီ၎င်းနှင့် ထိုကိစ္စ မဆိုင်သကဲ့သို့ ခပ်ခွါခွါနေခဲ့သည်။

ပြီးခဲ့သောသီတင်းပတ်များအတွင်း ရုရှားနိုင်ငံတစ်ဝန်းတွင် ထိုကိစ္စကိုကန့် ကွက်သူအရေအတွက် သောင်းနှင့်ချီ၍ လမ်းများပေါ်သို့ ထွက်လာကာ ဆန္ဒပြခဲ့ကြသည်။ တနင်္ဂနွေနေ့က မော်စကို ဆန္ဒပြပွဲတွင် ပါဝင်သူများက ကွန်မြူနစ်ပါတီအလံ များနှင့် နဖူးစည်းဆိုင်းဘုတ်များကို ကိုင် ဆောင်ခဲ့ကြသည်။

Just Russia ပါတီကလည်း လူ ၁၅၀၀ ခန့်ပါဝင်သော ဆန္ဒပြပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။ ယခုကဲ့သို့ ဆန္ဒပြပွဲကို နိုင်ငံရေးအုပ်စုအားလုံးမှ ပါဝင်လာခြင်းသည် ရုရှားတွင် မကြုံစဖူးပင်ဖြစ်သည်။

စီးပွားရေးပညာရှင်များနှင့် ရုရှားပြည်သူအများစုက ပင်စင်ကဏ္ဍတွင် ပြဿနာရှိနေခြင်းကို သဘောတူကြသည်။ ပြည်သူများ အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ အစိုးရသည် ပင်စင်ရန်ပုံငွေအပေါ်တွင် ပို၍ပို၍ သုံးစွဲနေရသည်။

F-04



FOLLOW US