POST TAGGED AS

နီပေါ

မြန်မာ့ပဲမျိုးစုံဝယ်ယူရန် နီပေါသံအမတ် လာရောက်ဆွေးနွေး


ရန်ကုန်၊ မေ ၁၃

မြန်မာနှင့် နီပေါနိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအပြင် ပြည်တွင်းထွက် ပဲမျိုးစုံနှင့် ဆန်များ ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E.Mr.Bhim K Udas မေလ ၁၃ ရက်နေ့က ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ထံ လာရောက်ဆွေးနွေးခဲ့ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။ 

မြန်မာ-နီပေါ နှစ်နိုင်ငံအကြား စီးပွားရေးအရ ကုန်သွယ်မှုမြှင့်တင်နိုင်ရန် မကြာမီနားလည်မှုစာချွန်လွှာ သဘောတူလက်မှတ် (MoU) ရေးထိုးပြီး ဆန်၊ ပဲမျိုးစုံ၊ ငါး၊ ပုစွန်နှင့် ပညာရေးကဏ္ဍများတွင် နီပေါနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။ 

လက်ရှိတွင် မြန်မာ-နီပေါနှစ်နိုင်ငံအကြား စိုက်ပျိုးရေးထွက်ကုန်များ ကုန်သွယ်ရာတွင် နှစ်နိုင်ငံ၏အခွန်အခများနှင့် သယ်ယူပို့ဆောင်ရေးစရိတ်မှာ များပြား နပြီး ရန်ကုန်-အိန္ဒိယမှတစ်ဆင့် နီပေါနိုင်ငံသို့ ကုန်သွယ်မှုက ကုန်ကျစရိတ် ပိုမိုသက်သာသည့်အတွက် အိန္ဒိယနိုင်ငံမှတစ်ဆင့်သာ ကုန်သွယ်မှုများပြုလုပ်လျက်ရှိကြောင်း နီပေါသံအမတ်က ဆိုသည်။ 

“သူတို့အနေနဲ့ အိန္ဒိယဘက်ကနေပဲ ဝယ်သုံးနေရတယ်။ သူတို့နိုင်ငံမှာလည်း ပဲတွေသွင်းရင် ၁၀ ရာခိုင်နှုန်း အခွန်ကောက်တာတွေ ရှိတယ်တဲ့။ ဒီကကုန်တွေပို့ပြီး သူတို့ဆီက ထွက်ကုန်တွေ ဒီဘက်ပြန်လာဖို့ပေါ့။ အဲဒါနဲ့ပတ်သက်ပြီး အကြမ်းဖျင်းဆွေးနွေးတာ။ သူတို့ဘက်က ပြည်တွင်းပဲ ဝယ်ဖို့ စိတ်ဝင်စားတယ်။ အခုလည်း နီပေါကနေ တိုက်ရိုက်ဝယ်နေတာတွေ ရှိတယ်”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောကြားသည်။ 

နီပေါနိုင်ငံမှ ထွက်ကုန်များကို မြန်မာနိုင်ငံသို့တင်သွင်းရန် ဖိတ်ခေါ်ခဲ့ပြီး နှစ်နိုင်ငံအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သည်စက်မှု အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များ အသင်းနှင့် မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပြုလုပ်နေသည့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း ကုန်သည်စက်မှု အသင်းချုပ်ထံမှ သိရသည်။ 

J-11



FOLLOW US