POST TAGGED AS

နီပေါ

အိန္ဒိယသို့ ပဲစင်းငုံတန်ချိန် နှစ်သိန်းထပ်ပို့ခွင့်ရ၊ ဇွန် ၁ ရက်မှစ၍ ပဲအားလုံးတင်ပို့မည်
ရန်ကုန်၊ မေ ၁၂

အိန္ဒိယနိုင်ငံက မတ်ပဲနှင့် ပဲတီစိမ်းတို့ကို တန်ချိန်တစ်သိန်းခွဲစီ တင်ပို့ခွင့်ပြုထားရာမှ ပဲစင်းငုံတန်ချိန် နှစ်သိန်းအထိ ထပ်မံတင်ပို့ခွင့်ပြုလိုက်ပြီး ယင်းပဲများအားလုံးကို ယခုနှစ် ဇွန်လ ၁ ရက်နေ့မှ ဩဂုတ် ၃၁ ရက်နေ့အထိ တင်ပို့ခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

ပဲစင်းငုံကို တင်ပို့ခွင့်ရရှိရန် ခက်ခဲနိုင်သည်ဟု ကနဦးသုံးသပ်ခဲ့သော်လည်း ယခုအခါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညှိနှိုင်းပေးမှုဖြင့် တင်ပို့ခွင့်ဝေစု (Quota)ရရှိသွားခြင်းဖြစ်သည်။

“ပဲစင်းငုံလည်း ပို့ခွင့်ရသွားတယ်ဆိုတော့ ကောင်းသွားတာပေါ့။ ဒီအတိုင်းဆို ဈေးကွက်သဘောတရားအရ ဈေးတွေလည်း တက်လာနိုင်ပါတယ်”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌဦးထွန်းလွင်က ပြောဆိုသည်။

မတ်ပဲနှင့် ပဲတီစိမ်းတို့ကို တန်ချိန်တစ်သိန်းခွဲစီ တင်ပို့ခွင့်ပြုခြင်းကို မေလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ပဲစင်းငုံတင်ပို့ ခွင့်ပမာဏအပါအဝင် တင်ပို့ခွင့်အသေးစိတ်ကြေညာချက်ကို မေလ ၁၁ ရက်နေ့က အိန္ဒိယအစိုးရက ကြေညာခဲ့သည်။

အိန္ဒိယသို့ ပြီးခဲ့သည့်နှစ်ကလည်း ပဲစင်းငုံတန်ချိန် ၂ သိန်းတင်ပို့ခွင့်ရခဲ့ပြီး မတ်ပဲနှင့် ပဲတီစိမ်းတို့ကိုလည်း ပြီးခဲ့သည့်နှစ်က တန်ချိန်သုံးသိန်းသာ ဝယ်ယူခဲ့သည်။ ယင်းပဲများကို ပြီးခဲ့သည့်နှစ်က ၂၀၁၈ ခုနှစ် ဩဂုတ် ၃၁ ရက်နေ့အထိ ဝယ်ယူခဲ့သော်လည်း ယခုနှစ်တွင် ဇွန်လ ၁ ရက်နေ့မှ ဩဂုတ် ၃၁ ရက်အထိ သုံးလအတွင်းသာ တင်ပို့ခွင့်ရရှိမည်ဖြစ်သည်။

ထိုသို့ပဲဝယ်ယူမည့် အသေးစိတ်ကြေညာချက်ကို အိန္ဒိယက ထုတ်ပြန်ခဲ့သည့်အတွက် မတ်ပဲဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့ပြီး ဈေးနှုန်းဆက်တိုက် ကျဆင်းနေသည့် ပဲစင်းငုံဈေးနှုန်းလည်း ဆက်လက်မြင့်တက်လာနိုင်ကြောင်း ပဲကုန်သည်များက သုံးသပ်ပြောဆိုသည်။

ပဲဈေးကွက်အတွင်း မေလ ၈ ရက် နေ့က မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၄၂၇,၀၀၀ မှ ယခုအခါ ကျပ် ၄၉၇,၀၀၀ သို့လည်းကောင်း၊ မေလ ၈ ရက်နေ့က မတ်ပဲ (SQ) တစ်တန်လျှင် ကျပ် ၅၆၄,၀၀၀ မှ ယခုအခါ ကျပ် ၆၂၅,၀၀၀ သို့လည်းကောင်း၊ မေလ ၁၀ ရက်နေ့က ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၃၇၇,၀၀၀ မှ ယခုအခါ ကျပ် ၄၈၁,၀၀၀ သို့လည်းကောင်း ဈေးနှုန်းများ မြင့်တက်ကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။

အိန္ဒိယမှ ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၅ ရက်နေ့က ပဲစင်းငုံကို တန်ချိန် နှစ်သိန်းသာ တင်ပို့ခွင့်နှင့် ဩဂုတ်လ ၂၁ ရက်နေ့က မတ်ပဲနှင့် ပဲတီစိမ်းတို့ကို တန်ချိန် သုံးသိန်းသာ တင်သွင်းရန် ထုတ်ပြန်ကြေညာခဲ့၍ မြန်မာ့ပဲဈေးကွက်အတွင်း ဈေးနှုန်းများ အဆမတန်ကျဆင်းပြီး ဈေးကွက်ပျက်ခဲ့ရသည်။

S-04



FOLLOW US