News

POST TAGGED AS

နာဆာ

14-Aug-2018

အာကာသ (new) နေ နာဆာ
နေဆီပျံသန်းမည့် သမိုင်းဝင်မည့် ပတ်ကားနေစွမ်းအင်သုံး စူးစမ်းရေးဂြိုဟ်တုကို နာဆာလွှတ်တင်


ဝါရှင်တန်၊ ဩဂုတ် ၁၃

နေ၏ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမည့် နာဆာ၏ သမိုင်းဝင် ပတ်ကားနေစွမ်းအင်သုံး ဂြိုဟ်တုကို တနင်္ဂနွေနေ့က ဖလော်ရီဒါ ကိဗ်ကာနေဗာရယ် လေတပ်စခန်းမှ လွှတ်တင်ခဲ့ရာ ခုနစ်နှစ်ကြာမည့်ခရီးကို ထွက်ခွာသွားပြီဟု DW သတင်းတွင် ဖော်ပြထားသည်။ 

စနေနေ့က နောက်ဆုံးမိနစ်ပိုင်းတွင် စက်ကိရိယာချို့ယွင်းမှုရှိခဲ့သောကြောင့် လွှတ်တင်ခြင်းကို ၂၄ နာရီရွှေ့ဆိုင်းခဲ့ရပြီးနောက် နံနက် ၃း၃၀ တွင် ဒယ်လ်တာအိုင်ဗီ ဒုံးကျည်ဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

အသေးစားကားအရွယ်ရှိသော ဂြိုဟ်တုသည် နေ၏ အက်မိုစပီးယားအလွှာကိုဖြတ်၍ တိုက်ရိုက်ပျံသန်းမည်ဖြစ်ရာ အပူချိန် ၅၅၅,၀၀၀ ဒီဂရီဆဲလ်စီးယပ်စ်အထိရှိသော ကော်ရိုနာအလွှာသို့ ရောက်ရှိသွားမည့် ပထမဆုံးဂြိုဟ်တုဖြစ်သည်။

နေဆီရောက်ရှိမည့် ဂြိုဟ်တုဟု နာဆာကကြေညာခဲ့သော်လည်း အမှန်တကယ်တွင် နေ၏မျက်နှာပြင်မှ မိုင်ပေါင်း ၃ ဒသမ ၈ သန်းအတွင်းကိုသာ ဝင်ရောက်နိုင်မည်ဖြစ်သည်။ နေနှင့်ကမ္ဘာအကြားတွင် မိုင်ပေါင်း ၉၃ သန်း ကွာဝေးသောကြောင့် ပတ်ကားသည် ထိုအကွာအဝေး၏ ၄ ရာခိုင်နှုန်းအတွင်းကို ဝင်ရောက်နိုင်မည်ဖြစ်သည်။

အဆိုပါ စူးစမ်းလေ့လာရေး မစ်ရှင်သည် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကုန်ကျမည်ဟု မျှော်လင့်ရသည်။

လူမပါသောပတ်ကားမစ်ရှင်သည် နေကိုလေ့လာခွင့်ရရှိစေမည်ဖြစ်ပြီး အန္တရာယ်ကြီးသော ဆိုလာမုန်တိုင်းများ၏ လျှို့ဝှက်ချက်များကို ယခင်က မဖြစ်နိုင်ခဲ့သောနည်လမ်းဖြင့် ဖော်ထုတ်နိုင်မည်ဟု နာဆာသိပ္ပံပညာရှင်များက မျှော်လင့်ထားကြသည်။

နေတွင် ၎င်း၏မျက်နှာပြင်ထက် အဆ ၃၀၀ ပိုမိုပူပြင်းသော ဆိုလာဒြပ်မှုန်များနှင့် ကော်ရိုနာအလွှာသည် ကမ္ဘာ၏ ဓာတ်အားလိုင်းကွန်ရက်များကို ပြိုလဲစေခြင်း၊ လူသန်းပေါင်းများစွာထံ ဖြန့်ဝေသည့် ဓာတ်အားများကို ဖယ်ရှားပစ်ခြင်းအားဖြင့် ကြီးမားသောပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်သည့် အလားအလာရှိသည်ဟု သိရှိရသည်။

“နေရဲ့ ဆိုလာဒြပ်မှုန်တွေ ကမ္ဘာကို ဝင်ရောက်တိုက်ခတ်လာတဲ့အခါ အများကြီး ပိုမိုမှန်းဆနိုင်အောင် ပတ်ကားဂြိုဟ်တုက ကူညီပေးနိုင်ပါလိမ့်မယ်” ဟု မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင် ပါမောက္ခဂျပ်စတင်ကက်စပါက ပြောကြားသည်။

ထို့ပြင် အနာဂတ်တွင် လနှင့် မားစ်ဆီသို့ ခရီးနှင်ကြမည့် အာကာသယာဉ်မှူးများကိုလည်း ဆိုလာမုန်တိုင်းများအကြောင်း ပိုမိုနားလည်အောင် ကူညီပေးနိုင်လိမ့်မည်ဟု သိပ္ပံပညာရှင်များက ဆိုသည်။

ပတ်ကားဂြိုဟ်တုကို ၄ ဒသမ ၅ လက်မထူသော အပူခံကာဗွန်လွှာဖြင့် ဖုံးအုပ်ထားပြီး ကမ္ဘာဆီရောက်ရှိသည့် အပူဖြာထွက်မှုထက် အဆ ၅၀၀ ပိုပြင်းသောဒဏ်ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားကာ အတွင်း၌ ၈၅ ဒီဂရီ ဖာရင်ဟိုက်ခန့်သာရှိအောင် ထိန်းသိမ်းထားနိုင်မည်ဟု သိရှိရသည်။

ပတ်ကားသည် လာမည့် ခုနစ်နှစ်အတွင်း နေ၏ ကော်ရိုနာအလွှာကို ၂၄ ကြိမ်ဖြတ်သန်းမည်ဟု မျှော်လင့်ရသည်။ ပတ်ကားသည် နေ၏ ၂၂ ခုမြောက်ခါးပတ်ကွင်းကို ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ယခင်က မရှိခဲ့ဖူးသောစံချိန်တင်အမြန်နှုန်း တစ်နာရီလျှင် ၄၃၀,၀၀၀ မိုင်နှုန်းဖြင့် ပျံသန်းသွားမည်ဖြစ်သည်။ 

ကိဗ်ကာနေဗာရယ်တွင် သမိုင်းဝင်ဂြိုဟ်တုလွှတ်တင်မှုကို လာရောက်ကြည့်ရှုသူများအနက် ၁၉၅၈ ခုနှစ်က ဆိုလာဒြပ်မှုန်ရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သူယူ ဂျင်းပတ်ကား (ဂြိုဟ်တုကို ၎င်း၏အမည်ပေးထားသည်) ၉၁ နှစ် ပါဝင်သည်။

F-04



FOLLOW US