News

POST TAGGED AS

နာဂဒေသ

28-Dec-2017

နာဂဒေသ
၂၁ ရာစု ပင်လုံ အစည်းအဝေး တက်ရောက်ရန် နာဂလက်နက်ကိုင်အဖွဲ့ကို အစိုးရဖိတ်ကြား
ရန်ကုန်၊ ဒီဇင်ဘာ ၂၈

၂၀၁၈ ခုနှစ် ဇန်နဝါရီအကုန်တွင် ကျင်းပရန်စီစဉ်ထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီကို အစိုးရက ဖိတ်ကြားထားကြောင်း ငြိမ်းချမ်းရေး ကော်မရှင်ထံမှ သိရသည်။

နာဂလက်နက်ကိုင်အဖွဲ့ကို အစိုးရက ဆောင်ရွက်နေသည့် NCA လမ်းကြောင်းပေါ်သို့ ပါဝင်ရန်နှင့် ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် ငြိမ်းချမ်းရေး ကော်မရှင်က ဖိတ်ကြားခဲ့ပြီး ယင်းဖိတ်ကြားချက်ကို နာဂအဖွဲ့က လက်ခံခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောကြားသည်။

“သူတို့က ဖိတ်ကြားချက်ကို လက်ခံခဲ့ပါတယ်။ တက်မယ် မတက်ဘူးဆိုတာတော့ ချက်ချင်းတော့ မပြောသေးပေမယ့်နောက်ပိုင်းမှာ အကြောင်းပြန်သွားမယ်”ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းရေး ကော်မရှင်နှင့် နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ ဒီဇင်ဘာလ ၂၈ ရက်နေ့က တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ကော်မတီဥက္ကဋ္ဌ ဦးအန်ကန့်၊ ဗဟိုကောင်စီဝင် ဦးကျော်ဝမ်းစိန်၊ ဦးစောထင်နှင့် ရုံးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ငြိမ်းချမ်းရေး ကော်မရှင်ဘက်မှ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ အကြံပေးအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၁၈ ဇန်နဝါရီ လကုန်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေး တက်ရောက်နိုင်ရေး ကိစ္စရပ်များနှင့် ဒေသတည်ငြိမ်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ကော်မရှင်ထံမှ သိရသည်။

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) အဖွဲ့သည် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံ ညီလာခံတွင် လေ့လာသူအဖြင့် တက်ရောက်ခဲ့သည့်အဖွဲ့ဖြစ်သည်။

လာမည့် တတိယအကြိမ် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံ အခမ်းအနားသို့လည်း တက်ရောက်ရန် စီစဉ်နေကြောင်း နာဂအဖွဲ့က ပြောကြားထားသည်။

NSCN-K သည် ၂၀၁၂ ဧပြီလက ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ်ထိုးထားသည့်အဖွဲ့ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိန္ဒိယ- မြန်မာနယ်စပ်တွင် အခြေစိုက် လှုပ်ရှားသည့်အဖွဲ့ဖြစ်သည်။

အဆိုပါအဖွဲ့သည် အိန္ဒိယနိုင်ငံအတွင်း တွင်လည်း ရှိပြီး ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်း တပ်မတော်နှင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခြင်း မရှိတော့ဘဲ အိန္ဒိယတပ်များနှင့်သာ တိုက်ပွဲဖြစ်ပွားလေ့ရှိသည့်အဖွဲ့ဖြစ်သည်။

နာဂလက်နက်ကိုင်အဖွဲ့က တောင်း ဆိုထားသည့် နာဂပြည်နယ် ဒေသသည် နှစ်နိုင်ငံနယ်စပ်ကို ဖြတ်သန်းထားသည့် အတွက် နိုင်ငံတကာအမြင်အရ မဖြစ်နိုင် သည့် တောင်းဆိုချက်တစ်ခုအဖြစ် လေ့လာ သူများက ရှုမြင်ထားသည်။

J-08

  • VIA


FOLLOW US