News

POST TAGGED AS

နာဂဒေသ

မိတ္ထီလာကန်ရေ သောက်ရမည့်အရေး

မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့တွင် မြို့ပေါ် ရပ်ကွက်ကြီး ၁၄ ခုရှိရာ ချည်စက်ရပ်ကွက်မှအပ ကျန်ရပ်ကွက်ကြီး ၁၃ ခုစလုံးတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဖြန့်ဝေပေးနေသော မိတ္ထီလာ ကန်ရေကိုသာ သောက်သုံးရေအဖြစ် အဓိက အသုံးပြုလျက်ရှိသည်။ မြေအောက်ရေနှင့် ကိုယ်ပိုင် အဝီစိတွင်းရေကို အသုံးပြုမှုများလည်း အနည်းစု ရှိသေးသည်။

မိတ္ထီလာမြို့ပေါ် ရပ်ကွက်များတွင် နေထိုင်လျက်ရှိသော လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တစ်သိန်းကျော် (၁၁၁,၅၂၂ ဦး) ရှိပြီး လူဦးရေ တိုးနှုန်းသည် တစ်နှစ်လျှင် ၁ ဒသမ ၈ ရာခိုင်နှုန်း ရှိနေသည်။

မိတ္ထီလာကန်ရေသည် မြို့ခံလူထုအတွက် အဓိက သောက်သုံးရေ အရင်းအမြစ် ဖြစ်သကဲ့သို့ ဒေသတွင်း လယ်သမားများ၏ စိုက်ပျိုးရေ အရင်းအမြစ်လည်း ဖြစ်ပေသည်။ သို့ရာတွင် မိတ္ထီလာဒေသ၏ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်များ ပြောင်းလဲလာမှုနှင့် ဒေသခံလူများ၏ နေထိုင်မှု ပုံစံ ပြောင်းလဲလာမှုများကြောင့် မိတ္ထီလာကန်ရေ၏ ညစ်ညမ်းမှုသည်လည်း တစ်နှစ်ထက်တစ်နှစ် ဆိုးရွားလာခဲ့သည်။ လက်ရှိ အခြေအနေအရ မိတ္ထီလာကန်ရေ၏ အရည်အသွေးသည် PH-8 ဝန်းကျင်ခန့်ဖြစ်နေပြီး Ecoli ပိုးတွေ့သည်အထိ ဖြစ်လာခဲ့၍ သောက်သုံးရန် မဖြစ်နိုင်သည့် အဆင့်အထိ ရောက်လာခဲ့ပြီဖြစ်သည်။

ပြဿနာကို ဘယ်လို ရှင်းကြမှာလဲ 

ညစ်ညမ်းလျက်ရှိသော မိတ္ထီလာကန်ရေကို သန့်စင်နိုင်ရန်အတွက် Japan International Cooperration Agency (JICA) ထံမှ ချေးငွေရရှိရန် ပထမဆုံး ကြိုးစားခဲ့သူမှာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် မိတ္ထီလာ မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ဖြစ်သည်။ မိတ္ထီလာဇာတိဖြစ်သော ၎င်းက ၂၀၁၃ ခုနှစ်ခန့်ကပင် စတင် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယင်းသို့ ပြည်ပချေးငွေ ရရှိရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကြောင့် နှောင့်နှေးကြန့်ကြာမှုများ ရှိနေသည့်အတွက် (၂၀၁၃-၂၀၁၄) ဘဏ္ဍာနှစ်တွင် မန္တလေး တိုင်းဒေသကြီး အစိုးရက အထူးရန်ပုံတစ်ရပ်အဖြစ် ငွေကျပ် ၉၂၃၀ သိန်း ချပေးခဲ့ပြီး ထိုငွေဖြင့် မိတ္ထီလာတောင် ကန်ရေကို သန့်စင် အသုံးပြုနိုင်မည့် ရေသန့်စင်စက်ရုံ နှစ်ခု တည်ဆောက်ခဲ့သည်။ စက်ရုံတစ်ခုသည် လွတ်လပ်ရေးပန်းခြံတွင် တည်ဆောက်ထားခဲ့ပြီး၊ ကျန်တစ်ခုမှာ ပေါက်ချောင်းရပ်ကွက် သစ်တောဝင်းအနီးတွင် တည်ရှိသည်။ လွတ်လပ်ရေး ပန်းခြံရေသန့်စင် စက်ရုံမှ တစ်နေ့လျှင် ရေဂါလန်ပေါင်း ၁ ဒသမ ၁ သန်းခန့် ထုတ်ပေးလျက် မြို့အရှေ့ပိုင်း ရပ်ကွက်များအတွက် သောက်သုံးရေ ပေးဝေနေသကဲ့သို့၊ ပေါက် ချောင်းရေသန့်စင်စက်ရုံမှလည်း တစ်နေ့လျှင် ရေဂါလန် ခြောက်သိန်းခန့် ထုတ်ပေးပြီး မြို့အနောက်ပိုင်း ရပ်ကွက်များအတွက် သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသည်။

မြို့ခံလူထုဆီကို သန့်စင်တဲ့သောက်သုံးရေ  တကယ်ရောက်သလား

မိတ္ထီလာမြို့တွင် လက်ရှိ သွယ်တန်း အသုံးပြုထားသည့် ရေပိုက်များသည် လွန်ခဲ့သောနှစ်ပေါင်း ၆၀ ဝန်းကျင်ကတည်းက အသုံးပြုခဲ့သော သံပိုက်များသာဖြစ်၍ ဟောင်းနွမ်းဆွေးမြည့် ပျက်စီးလျက် ရှိနေသည်။ ရေညှိနှင့်သံချေး အထပ်ထပ် တက်နေပြီဖြစ်သည်။ ထိုပိုက်လိုင်းများကို ဆန့်လိုက်မည်ဆိုလျှင် စုစုပေါင်း အလျားမိုင် ၂၀ ကျော်ရှိမည်ဟု မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ရေပေးဝေရေးဌာနမှ အင်ဂျင်နီယာများက ခန့်မှန်းထားသည်။ ထိုရေပိုက်များ အားလုံးကို အသစ် ပြန်လဲမည်ဆိုလျှင် ကျပ်သိန်း ၇၀ဝ၀ ကျော် ကုန်ကျနိုင်မည်ဖြစ်၍ စည်ပင်သာယာရေး အဖွဲ့အနေနှင့် ထိုငွေကို လက်လှမ်းမမီနိုင်သော အနေအထားတွင်ရှိနေသည်။ ရေပိုက်ဟောင်းများ၏ ယိုစိမ့်မှုကြောင့် တစ်နေ့လျှင် ရေဂါလန် လေးသိန်းခန့် အလဟဿ ဖြစ်နေရသည်ဟု မြို့၏ရေပေးဝေရေးစနစ်ကို ကွင်းဆင်းလေ့လာခဲ့သော JICA မှ ပညာရှင်များ၏ တိုင်းတာချက်များအရ သိရသည်။ လက်ရှိ အနေအထားအရ မိတ္ထီလာမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသော ရေတိုင်ပေါင်း  ၈၃၀ဝ ကျော်ရှိနေသည်။ ရေရရှိမှုနှုန်းမှာ ရပ်ကွက်အချို့တွင် သုံးရက်လျှင် တစ်ကြိမ်လောက်သာ ရေရရှိပြီး ၊ ဆယ်ရက်လျှင် တစ်ကြိမ်ခန့်သာ ရေရရှိနေသေးသော ရပ်ကွက်များလည်း ရှိနေပါသေးသည်။ ရေလာချိန်သည် ညပိုင်း အချိန်မတော်တွင် ဖြစ်နေတတ်ပြီး အချိန်ပိုင်းအားဖြင့်လည်း သုံးနာရီဝန်းကျင်လောက်သာ ရှိနေသေးသည်။

သို့ဖြစ်၍ သိန်း ၉၂၃၀ တန် ရေသန့်စင်ရေးစနစ်သည် စီမံခန့်ခွဲမှုများတွင် လိုအပ်ချက်များ လွဲချော်မှုများ ရှိနေသဖြင့် သဲထဲရေသွန်သကဲ့သို့သာ ဖြစ်နေသေးသည်။ အဆိုပါ ရေသန့်စက်ရုံ နှစ်ခုသည် မြို့ခံလူထု၏ စိတ်ဝင်စားခြင်း ကျေးဇူးတင်ခြင်းကို မခံရသေးချေ။ ထိုစီမံကိန်းကို အကြောင်းပြုလျက် လွတ်လပ်ရေးပန်းခြံ၏ ဧရိယာ ထက်ဝက်ခန့်ကို ရေသန့်စက်ရုံ တည်ဆောက်ရေးအတွက် နေရာပေးခဲ့ရသဖြင့် ကန်ရှုခင်း ကောင်းကောင်းနှင့် အများပြည်သူ အပန်းဖြေနိုင်သော နေရာတစ်ခု ဆုံးရှုံးခဲ့ရသည်။ ပေါက် ချောင်းရပ်ကွက်ရှိ ရေသန့်စက်ရုံနေရာသည်လည်း ထိုနည်းတူပင်။ လက်ရှိသုံးနေသော ရေသန့်စနစ်သညှ်ူသတှညေိ င်္ငူအနမ စနစ်ဖြစ်၍ စက်ရုံအတွက်မြေ နေရာလိုအပ်ချက်များပေသည်။

နာတာရှည်ရောဂါဟောင်းကို ကယ်တင်ရှင် လာပါပြီ 

မြို့ခံလူထုအတွက် သန့်ရှင်းစိတ်ချရသော သောက်သုံးရေ တိုးချဲ့ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးပြယုဂ်အဖြစ် (Official Development Assistance) Loan ဟု ခေါ်သော တရားဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အပံ့ ချေးငွေဖြင့် ရေပေးဝေရေးစီမံကိန်း ဆောင်ရွက်မည့် မြို့ ၂၂ မြို့ထဲတွင်  မိတ္ထီလာပါလာခဲ့သည်။ သို့ဖြစ်၍ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဂျပန်ချေးငွေ ၁ ဒသမ ၆ ဘီလီယံကျပ်ကို ရေပေးဝေရေး စီမံကိန်းအသစ်အတွက် လျာထားပြီးဖြစ်ကြောင်း၊ အတိုးနှုန်းသည် သုညဒသမ ဝ၁ ရာခိုင်နှုန်းဖြစ်ပြီး ဆိုင်းငံ့ကာလအဖြစ် စီမံကိန်းအပြီး ပထမ ၁၀ နှစ်အတွင်း၌ အတိုးသာ ပေးရပြီး ပေးချေကာလမှာ ပထမ ၁၀ နှစ်အပြီးနောက် နှစ် ၃၀ အတွင်း၌ တိုးရင်းပေါင်း အရစ်ကျ ပေးဆပ်ရမည်ဖြစ်ကြောင်း ၂၀၁၇ အောက်တိုဘာလ ၂၀ ရက်နေ့က မိတ္ထီလာ ကန်တော် မင်္ဂလာခန်းမတွင် JICA ဘက်မှ ကျွမ်းကျင်ပညာရှင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့ခံများ တက်ရောက်ကြသော ရေပေးဝေရေး စီမံကိန်းနှင့်ပတ်သက်၍ စီမံခန့်ခွဲမှု နည်းလမ်းများကို ပြည်သူလူထုသို့ ရှင်းလင်းတင်ပြခဲ့သည်။

ဘာလုပ်ငန်း အမျိုးအစားတွေကို လုပ်မှာလဲ . . .

မိတ္ထီလာ ဝန်ဇင်းရပ်ကွက် ဆည်မြောင်းပိုင် မြေကွက်လပ်ပေါ်တွင် Slow Sand Filter စနစ်သုံး ရေသန့်စင်စက်ရုံတစ်ခု တည်ဆောက်ပြီး မိတ္ထီလာ မြောက်ကန်ရေကို အသုံးပြုလျက် တစ်ရက်လျှင် ရေဂါလန် ၆၉၀,ဝ၀ဝ ထုတ်ပေးကာ ဝန်ဇင်းနှင့် ရန်မျိုးအောင် ရပ်ကွက်ကြီး နှစ်ခုအတွက် ဖြန့်ဖြူးပေးမည်ဖြစ်သည်။ အဆိုပါ ရပ်ကွက်ကြီး နှစ်ခုကို ရေဖြန့်ဖြူးပေးနိုင်ရန် ဂါလန် ၃၀ဝ,ဝ၀ဝ ဆံ့ အမြင့်တင်ရေစင်တစ်ခုကိုလည်း ဝန်ဇင်းရပ်ကွက်၏ အမြင့်ဆုံးနေရာတွင် တည်ရှိသည့် အလကကျောင်းဝင်းထဲတွင် တည်ဆောက်သွားမည်ဖြစ်သည်။ ယင်းအပြင် အဓိက ရပ်ကွက်ကြီး ခုနစ်ခုကိုလည်း ရေပိုက်လိုင်း အသစ်များ ပြင်ဆင် သွယ်တန်းပေးဦးမည်ဖြစ်သည်။ 

အဆိုပါ စီမံကိန်းအတွက် စီမံကိန်း အကြိုကွင်းဆင်းခြင်း၊ အခြေခံဒီဇိုင်း ရေးဆွဲခြင်း၊ အသေးစိတ် ဒီဇိုင်းရေးဆွဲခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအရ အတည်ပြုချက် ရယူခြင်းများကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီး လုပ်ငန်း တင်ဒါခေါ်ခြင်းကို ၂၀၁၈ ခုနှစ်တွင် စတင်ကာ ၂၀၁၉ ခုနှစ်တွင် လုပ်ငန်း တည်ဆောက်ရေး ကာလ သတ်မှတ်ထားပြီး  လုပ်ငန်း လည်ပတ်မည့် ကာလမှာ ၂၀၂၀ ပြည့်နှစ်ဖြစ်ကြောင်း လုပ်ငန်းစီမံချက်အရ သိရသည်။ မိတ္ထီလာ မြို့တွင်းရပ်ကွက်များ၏ လက်ရှိ ရေပေးဝေရေး အချိုးသည် ၄၈ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ပြီး စီမံကိန်း ပြီးစီးပါက ၉၀ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဟု JICA ဘက်မှ ပညာရှင်များက ခန့်မှန်းထားသည်။

သို့ရာတွင် ယင်းစီမံကိန်းသည်လည်း ဒေသခံလူထုအတွက် ၂၄ နာရီ သောက်သုံးရေ ရရှိနိုင်မည့် စီမံကိန်းတစ်ခုတော့ မဟုတ်သေး။ လက်ရှိ အနေအထားအရ စည်ပင်သာယာရေးအဖွဲ့က ဒေသခံ ပြည်သူများအတွက် ရေတိုင်အသစ်များကို ထပ်မပေးနိုင်သေးသော်လည်း စီမံကိန်းပြီးသည့် နောက်ပိုင်းတွင် ရေတိုင်အသစ်များ ထပ်ချပေးရန် ရှိနေကြောင်းနှင့် ရေတိုင်အသစ်အတွက် သတ်မှတ်ထားသော ငွေပေးသွင်းရဦးမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။ (လက်ရှိ သတ်မှတ်ထားသော ဈေးသည် ရေတိုင်တစ်တိုင်လျှင် ငါးသောင်း ကျပ်ဖြစ်သည်)

မိတ္ထီလာ မြောက်ကန်ရေနဲ့ အခုလုပ်မယ့် ရေသန့်စင်စနစ်က တကယ် အလုပ်ဖြစ်ပါ့မလား

မိတ္ထီလာ မြောက်ကန်ရေသည် တောင်ကန်ရေနှင့် နှိုင်းယှဉ်ပါက ပိုမို ညစ်ညမ်းလျက် ရှိနေသေးသည်။ မိတ္ထီလာ မြောက်ကန်ကို ၂၀၁၄- ၂၀၁၅ နှစ်က ကျပ်ငွေ ၉ ဒသမ ၇ ဘီလီယံ အကုန်အကျ ခံကာ ဆည်ဖို့ပြုပြင်ထားခဲ့သော်လည်း နွေရာသီရောက်လျှင် ကန်ထဲတွင် ရေမရှိချေ။ မုန်တိုင်ဆည်ဘက်မှ လွှတ်လိုက်သော ရေများသည် ချောင်းမြောင်းများမှတစ်ဆင့်  ကျေးရွာများကို ဖြတ်သန်းကာ မြောက်ကန်အတွင်းသို့  စီးဝင်ရသည်။ မိုးရာသီအကုန်ပိုင်း အောက်တိုဘာလကဲ့သို့ မိုးများချိန်၌သာ ဦးသိန်းစိန်ဘုရား (ဓမ္မသုခ ကန်ဦးစေတီ) အနီးရှိ ရေကျော်ပေါ်တွင် မြောက်ကန် ရေများကျော်သည်အထိ ရေတင်ပြီး တောင်ကန်ဘက်သို့စီးနိုင်သဖြင့် ရေအဝင်အထွက် ရှိနေသော်လည်း ဆောင်းရာသီမှစတင်ကာ တောင်ကန်နှင့် မြောက်ကန်  သီးခြားစီဖြစ်လေ့ ရှိသည်မှာ နှစ်စဉ်ပင်ဖြစ်သည်။ မြောက်ကန်ရေကို သောက်သုံးရေအရင်းအမြစ်အဖြစ် သုံးမည်ဆိုလျှင် အခြားလေ့လာဖွယ် အချက်တစ်ခုမှာ မြောက်ကန်ထဲတွင် တစ်နေ့လျှင် လူဦးရေ ရာဂဏန်းခန့်မျှ အဝတ်လျှော် ရေချိုးနေရသော အနေအထားကြောင့် ဆပ်ပြာများ၏ ပျော်ဝင်မှုနှင့် ရေညစ်ညမ်းမှုများကြောင့် ရေအရည်အသွေးကို စဉ်းစားသင့်ပေသည်။

ရေသန့်စင် ဖြန့်ဝေနိုင်ဖို့ တခြား ဖြစ်နိုင်ခြေ နည်းလမ်းတွေက ဘာတွေရှိသေးလဲ

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် မိတ္ထီလာကန် ချစ်သူများအဖွဲ့က မိတ္ထီလာ တောင်ကန်နှင့် မြောက်ကန်အတွင်းရှိ နေရာငါးခုမှရေကို စံနမူနာအဖြစ် စနစ်တကျရယူပြီး (NHL) တွင် ဓာတ်ခွဲကြည့်ရာတွင် မိတ္ထီလာတောင်ကန်၏ အရှေ့ဘက်ကန်ပေါင် ဖောင်တော်ထိပ်ဘုရားအနီးမှ ရေသည် အသန့်ဆုံး ဖြစ်နေတာကို တွေ့ခဲ့ရသည်။ သို့ဖြစ်၍ ရေသန့်စင်စက်ရုံ အသစ်အတွက် မည်သည့်ရေကို ယူသုံးသင့်သည်ဆိုသည်ကို သေချာစွာ စေ့ငု လေ့လာသင့်ပေသည်။

ပြီးခဲ့သော ဇူလိုင်အတွင်းက ပုဂ္ဂလိက ကုမ္ပဏီတစ်ခု မိတ္ထီလာမြို့သို့လာရောက်၍ BOT စနစ်ဖြင့် သောက်သုံးရေ ဖြန့်ဝေရန် ကွင်းဆင်းလေ့လာပြီး စစ်တမ်း ကောက်ခဲ့ဖူးသည်။ အကယ်၍ ၎င်းတို့သာ လုပ်ကိုင်ခွင့်ရလျှင် ရေဖိအားမြှင့်စနစ်ဖြင့် WHO STANDARD (Portable Water) ကို တစ်ယူနစ် ၆၀ဝ ကျပ်၊ ဂါလန် ၅၀ (တစ်ပီပါ) ကို ၁၅၀ ကျပ်ဖြင့် ရောင်းနိုင်ကြောင်းနှင့် HDEP ပိုက်လိုင်းဖြင့် အိမ်ရှေ့အရောက် ၂၄ နာရီ ရေပေးဝေနိုင်ကြောင်း၊ Prepaid စနစ်ဖြင့် ရေဖိုးငွေသွင်းရမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့ဖူးပါသည်။ လက်ရှိစည်ပင်မှ ရေဖြန့်ဝေနေသည်မှာ တစ်ယူနစ်လျှင် ၂၀ဝ ကျပ်ဖြစ်သည်။ ယင်းကုမ္ပဏီ၏ ဝန်ဆောင်စရိတ်မှာ ရေမီတာ အပါအဝင် ကနဦးတပ် ဆင်ခ ၁၃၀,ဝ၀ဝ ကျပ်ဖြစ်နေသည်။ အဆိုပါ ဝန်ဆောင်ခကိုပေးနိုင်သည့် လူနည်းစုရှိသလို မပေးနိုင်သော လူများစုလည်း ရှိနေသဖြင့် ကုမ္ပဏီက နောက်ပြန်ဆုတ်သွားခဲ့ရသည်။

မြန်မာနိုင်ငံတွင် သောက်သုံးရေ သန့်စင်ဖြန့်ဝေရေးအတွက် နည်းပညာကုမ္ပဏီပေါင်း များစွာရှိနေသည်။ ဤစီမံကိန်းကို ဦးဆောင်ပြုလုပ်ကြမည့် တာဝန်ရှိပုဂ္ဂိုလ်များ အနေနှင့် စနစ်တကျ စီမံခန့်ခွဲတတ်မည်ဆိုလျှင်၊ ၁ ဒသမ ၆ ဘီလီယံ ဆိုသည့်ငွေကို အသုံးပြုလျက် နည်းပညာမြင့်သည့် ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်လျှင် အဆင်ပြေနိုင်မည်ဟု အကြံပြုလိုသည်။

အရေးအကြီးဆုံးအချက်မှာ ၁ ဒသမ ၆ ဘီလီယံကျပ်ဆိုသည့် ငွေပမာဏသည် ချေးငွေသာ ဖြစ်သောကြောင့် အချိန်တန်လျှင် ပြန်ပေးရမည်သာ ဖြစ်သည်။ မိတ္ထီလာမြို့ခံ အခွန်ထမ်း ပြည်သူများ ပြန်ဆပ်ရမည့်ငွေဖြစ်သည်။ သို့ဖြစ်၍ စီမံကိန်းတွင် ပါဝင်ပတ်သက်မည့်သူများအနေနှင့် စီးပွားရေးတွက်ခြေကိုက်မှု (Cost –Effectiveness) နှင့် အများပြည်သူ အဆင်ပြေ စိတ်ချမ်းမြေ့စွာ ရေသုံးစွဲနိုင်မှု (Public Satisfaction) ရရှိအောင် စနစ်တကျ ဆောင်ရွက်နိုင်ကြစေရန် တိုက်တွန်းလိုရင်းသာ ဖြစ်ပါသည်။

ကျော်စိုးမိုး



FOLLOW US