News

POST TAGGED AS

နယ်စပ်

မွန်၊ ကရင်၊ တနင်္သာရီ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရန် အမေရိကန်က ဒေါ်လာသန်း ၅၀ ထောက်ပံ့
ရန်ကုန်၊ ဇွန် ၂၈

ပြည်နယ်နှင့်တိုင်း သုံးခုရှိ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် ငါးနှစ်စီမံကိန်းပြုလုပ်ရန် အမေရိကန်ပြည်ထောင်စုမှ အမေရိကန်ဒေါ်လာ သန်း ၅၀ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးစိုင်းထွန်းညိုက ပြောကြားသည်။

“နယ်စပ်ဒေသ သုံးခုမှာရှိတဲ့ တိုင်းရင်းသားလူငယ်တွေရဲ့ အခြေခံဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဆောင်ရွက်ဖို့ ကူညီတာပါ။ လမ်း၊ တံတား၊ မီးလင်းရေး၊ ရေပေးရေးအစီအစဉ်တွေ အားလုံးပါမယ်။ တန်ဖိုးနည်းအိမ်ရာတွေလည်းပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ထို့ကြောင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၏ သဘောသဘာဝအရ တောင်ပေါ်ဒေသနှင့် ဖွံ့ဖြိုးမှုနှေးသော ဝေးလံခေါင်ဖျားသည့်ဒေသများကို အဓိက ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ပြီး မြို့ပြဧရိယာများမပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ထောက်ပံ့မှုအစီအစဉ်အရ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၀ သန်းနှုန်းဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ပြီး ယခုလနောက်ဆုံးပတ်က အမေရိကန်နိုင်ငံသံအမတ်ကြီး H.E. Mr. Scot Marciel နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနထံမှ သိရသည်။

နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် အကျုံးဝင်သည့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများဖြစ်သော ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းသုံးခု၌ လုပ်ဆောင်မည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနထံမှ သိရသည်။

“တိုင်းရင်းသားဒေသတွေက အများကြီး ဖွံ့ဖြိုးမှုနှေးကွေးတယ်။ အဓိကကတော့ သက်မွေးအလုပ်အကိုင်တွေများများ ဖန်တီးပေးဖို့လိုတယ်”ဟု ကရင်ပြည်နယ် ကျုံဒိုးမြို့မှ ကိုစောဖိုးအယ်က မှတ်ချက်ပြုသည်။

တိုင်းရင်းသားလူငယ်ကျောင်းများ၊ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ယဉ်ကျေးမှုကျောင်းများအပါအဝင် ဒေသအဆင့် ဒီဂရီကောလိပ်များကို တိုးချဲ့ဖွင့်လှစ်၍ နယ်စပ်ဒေသ လူငယ်များ၏ လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေးကို အဓိကဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနထံမှ သိရသည်။ 

J-17



FOLLOW US