News

POST TAGGED AS

နမ္မတူ

နမ္မတူတွင် တိုက်ပွဲများပြင်းထန်
လားရှိုး၊ မတ်၂၁ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း မတ်လ ၂၀ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် (TNLA) တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့်အပြင် တပ်မတော်ဘက်ကလည်း ပစ်ခတ်မှုများရှိနေကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

နမ္မတူ၊ သီပေါနှင့် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသအစပ်၊ ကြိုးတံတားအတက် တောင်ကုန်းပေါ်တွင် RCSS တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က နေရာယူထားပြီး အဆိုပါတံတားအောက်ဘက်တွင် TNLA ပလောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က နေရာယူထားကာ မတ်လ ၉ ရက်နေ့မှစ၍ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် တိုက်ပွဲများ ပို၍ပြင်းထန်လာကြောင်း ၎င်းတို့၏အဆိုအရ သိရသည်။

ယင်းသို့နှစ်ဖက်တိုက်ခိုက်မှု ပြင်းထန်လာသဖြင့် မတ်လ၂၁ ရက်နေ့ နံနက် ၉ နာရီ ခွဲမှစတင်ကာ မွန်းလွဲပိုင်းအထိ တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

တပ်မတော်က လက်နက်ကြီးများဖြင့် ကူပစ်ပေးနေမှုကြောင့် နမ္မတူမြို့တွင် အသံများကြားနေရသည့်အပြင် နေအိမ်များပါ တုန်ခါမှုရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ 

“နမ္မတူမြို့ပေါ်ကို လက်နက်ကြီး ကျတာတော့မရှိပါဘူး။ ဒါပေမဲ့ ဒေသခံ တော်တော်များများကတော့ လားရှိုးဘက်၊ ကျောက်မဲ၊ သီပေါဘက် သွားရှောင်နေကြတယ်”ဟု ၎င်းက ဆိုသည်။

ယင်းသို့ နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသည့်အတွက် အီနိုင်း​ကျေးရွာနှင့် နမ္မတူမြို့များတွင်​ စစ်​​ရှောင်​ဒုက္ခသည်​အများအပြား ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ 

နမ္မတူမြို့နယ်အတွင်း တပ်မတော်မှ ရှေ့တန်းတပ်မဌာနချုပ် တပ်မ ၇၇ က ခြေကုပ်ယူထားပြီး နယ်မြေစိုးမိုးရေးအတွက် ရှင်းလင်းရေးလုပ်ဆောင်နေသည်။

တိုက်ပွဲများစတင်ဖြစ်စဉ်က RCSS နှင့် TNLA တို့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး တပ်မတော်က ဝင်ရောက်ပစ်ခတ်ခြင်းမရှိခဲ့ဘဲ မတ်လ ၁၉ ရက်နေ့မှစတင်ကာ တပ်မတော်တပ်များက ဝင်ရောက်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။ 

R-07
 



FOLLOW US