News

POST TAGGED AS

နမ္မတူ

နမ္မတူတွင် တိုက်ပွဲများဖြစ်၍ ဒေသခံသုံးရာကျော် တိမ်းရှောင်
လားရှိုး၊ မတ် ၁၂ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်များအချင်းချင်း တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် နမ္မတူမြို့နယ်၊ ပန်းကော့ကျေးရွာအုပ်စုရှိ ကျေးရွာနှစ်ရွာမှ ဒေသခံသုံးရာကျော်သည် နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 

နမ္မတူမြို့နယ်၊ ပန်ကော့ကျေးရွာအုပ်စု၊ ပန်ကွတ်ကျေးရွာနှင့် နားစီးကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်နေသည့်အတွက် ဒေသခံ ၃၂၀ သည် နမ္မတူမြို့နယ်၊ မန်စံကျေးရွာအုပ်စု၊ မန်ဟောင်း ဘုန်းတော်ကြီးကျောင်းသို့ မတ်လ ၁၀ ရက်နေ့မှစကာ လာရောက်ခိုလှုံလျက်ရှိကြောင်း လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဦးစိုင်းဘဉာဏ်က ပြောကြားသည်။

နမ္မတူမြို့နယ်အတွင်း မတ်လ ၈ ရက်နေ့မှစ၍ TNLA ပလောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် RCSS/ SSA ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် မတ်လ ၁၁ ရက်နေ့တွင် တပ်မတော်က အဆိုပါ နယ်မြေဒေသများတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့သဖြင့် နှစ်ဖက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှု ရပ်သွားခြင်းဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါ မန်ဟောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေသူများမှာ ပလောင်တိုင်းရင်းသား အများစုဖြစ်ပြီး ရှမ်းတိုင်းရင်းသား အနည်းငယ်ပါဝင်ကြောင်း၊ လတ်တလော၌ အစိုးရတာဝန်ရှိသူများက နှစ်ပတ်စာစားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးထားကြောင်း ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

“ဒီရက်ပိုင်းထဲ ရွာပြန်ကြမှာ၊ ရွာသားတစ်ယောက် ရွာဘက်သွားပြီး အနီးအနား အကြောင်းအေးချမ်းရဲ့လားလို့ သွားစုံစမ်းနေတယ်။ သူပြန်လာရင် တိုင်ပင်ကြပြီးပြန်ကြမှာပါ”ဟု ပန်ကွတ်ရွာမှ ဦးမန်ငင်းက ဆိုသည်။

အလားတူ နမ္မတူမြို့ပေါ်ရှိ စစ်ရှောင်စခန်းငါးခုတွင်၂၀၁၆ ခုနှစ်မှစတင်ကာ တိုက်ပွဲရှောင်ဒေသခံ ၅၀၀ ခန့် လာရောက်ခိုလှုံနေကြပြီး အချို့ကိုလည်း ရွာသစ်တည်ထောင်ပေးရခြင်းများ ရှိကြောင်း၊ နယ်မြေဒေသလုံခြုံမှုမရှိသည့် ကျေးရွာများမှ ဒေသခံများသည် ယနေ့အချိန်အထိ စခန်းများတွင် ခိုလှုံနေရဆဲဖြစ်ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ကျောက်မဲမြို့နယ်နှင့် နမ့်ဆန် မြို့နယ်အစပ် တိုက်ပွဲတွင် RCSS တပ်ဖွဲ့၏ တပ်စခန်းအချို့ ရှင်းလင်းနိုင်ခဲ့ပြီး အဆိုပါတပ်စခန်းကို ဝင်ရောက်ရှင်းလင်းစဉ် RCSS တပ်ဖွဲ့၏ လက်နက်ငယ် လေးလက်၊ ရုပ်အလောင်းသုံးလောင်းနှင့် စစ်ဝတ်တန်ဆာပစ္စည်းများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။

RCSS နှင့် TNLA တို့သည် ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက တရုတ်နိုင်ငံ နယ်စပ်တစ်နေရာတွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ပြေလည်မှုရရှိခဲ့ခြင်းမရှိဘဲ တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားနေခြင်းဖြစ်သည်။

နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံရန် ချိန်းဆိုထားသော်လည်း လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် တွေ့ဆုံမှု ဖြစ်၊ မဖြစ် သေချာမသိသေးကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောကြားသည်။

R-07,J-08



FOLLOW US