News

POST TAGGED AS

နမ္မတူ

ရှမ်းပြည်နယ်ရှိ ကျောက်ခေတ်နံရံပန်းချီများကို ထိုင်းပညာရှင်နှင့်သုသေတနလုပ်
ရန်ကုန်၊ မတ် ၇

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ လွယ်ဝန်းဒေသရှိ ကျောက်ခေတ်ကာလက ရေးဆွဲခဲ့သည့် နံရံပန်းချီများကို ထိုင်းပညာရှင်အဖွဲ့နှင့် ပထမအကြိမ်ပူးပေါင်း၍ သုတေသနလုပ်ထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအာကာကျော်က ပြောကြားသည်။

“ဒီကျောက်ခေတ် နံရံပန်းချီတွေကို ပြည်ပပညာရှင်နဲ့ပေါင်းပြီးတော့ သုတေသနလုပ်တာက ရှမ်းမှာတော့ ပထမအကြိမ်ပါ။ ဒီကတွေ့ရှိချက်တွေကိုကြည့်ပြီး ဌာနက ဆက်လက်ဆောင်ရွက်ရမှာပါ” ဟု ၎င်းက ဆိုသည်။

ကျောက်ခေတ်အနုပညာဆိုင်ရာ လေ့လာသုတေသနပြုခြင်း (Rock Art Survey in Shan State) လုပ်ငန်းကို ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၄ ရက်အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

လွယ်ဝန်းဒေသရှိ ကျောက်ခေတ်နှောင်းပိုင်း နံရံပန်းချီများကို ပြည်တွင်းပညာရှင်များအဖွဲ့ ၁၉၉၈ ခုနှစ်က လေ့လာခဲ့ပြီး ယခင်ကထက် နံရံပန်းချီပုံများကို ပိုမိုတွေ့ရှိရကြောင်း၊ ယခုတွေ့ရှိရသော နံရံပန်းချီများ၏ သက်တမ်းကာလကို ယေဘုယျအားဖြင့် ကြေးခေတ်နှင့်သံခေတ် ကြားကာလကတည်းက ရှိခဲ့သည်ဟု သတ်မှတ်နိုင်ကြောင်း၊ တိကျစွာဖော်ပြနိုင်ရန် အသေးစိတ်လေ့လာမှုများ ထပ်မံပြုလုပ်ရန်လိုကြောင်း ထိုင်းနိုင်ငံမှပညာရှင်အဖွဲ့နှင့် လိုက်ပါသုတေသနလုပ်ခဲ့သည့် ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်းမှ လက်ထောက်ကထိက ဦးမန်သစ်ငြိမ်းက ဆိုသည်။

“လက်ရှိမှာ သက်တမ်းကို အတိအကျဖော်ပြဖို့ ခက်နေသေးတယ်။ ဒီနေရာကို ထပ်မံတူးဖော်ပြီးတော့မှ တွေ့ရှိရတဲ့ အထောက်အထားတွေကို လေ့လာဖို့တော့ လိုလိမ့်မယ်။ အခုတွေ့ရှိခဲ့တဲ့ နံရံပန်းချီတွေမှာက ကျောက်ခေတ်ကာလက လူသားမျိုးနွယ်တွေရဲ့လှုပ်ရှားမှုပုံရိပ်တွေကို အများစုတွေ့ရတယ်”ဟု ဦးမန်သစ်ငြိမ်းက ဆိုသည်။

ထိုင်းပညာရှင်အဖွဲ့နှင့်ပူးပေါင်း၍ သုတေသနလုပ်ရာတွင် ကျောက်ခေတ် နံရံပန်းချီ ရုပ်ပုံနှစ်ဆယ်ကျော်ကို တွေ့ရှိခဲ့ရပြီး ယင်းရုပ်ပုံများတွင် လူသားများ၏ ဩဇာကြီးမားမှုကို ဖော်ပြသည့်အင်အားစု၊ ပိုင်ဆိုင်ကြွယ်ဝမှုများအပြင် ယင်းခေတ်က မွေးမြူရေးဆိုင်ရာ အနုပညာရပ်များကိုလည်း ရေးဆွဲထားသည့် ပုံများကိုတွေ့ရှိရကြောင်း ၎င်းထံမှသိရသည်။

အဆိုပါတွေ့ရှိရသော ကျောက်ခေတ် နံရံပန်းချီများမှတစ်ဆင့် လူသားမျိုးနွယ်၏ ပြောင်းလဲလာသော အသိဉာဏ်ပိုင်းဆိုင်ရာများ၊ အနုပညာပြောင်းလဲမှုများ၊ ယင်းခေတ်ကရှိခဲ့သည့် သားရဲတိရစ္ဆာန်များ၏ မျိုးရိုးများ၏ ကွင်းဆက်များကို လေ့လာနိုင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန ပညာရှင်များထံမှ သိရသည်။

J-14



FOLLOW US