News

POST TAGGED AS

ဓားပြ

ဇနီးဖြစ်သူကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်
ဘားအံ၊ ဇွန် ၉

တစ်နှစ်ခန့်ကွဲကွာနေသောဇနီးကို ပြန်ပေါင်းရန်ညှိနှိုင်းရာ လက်မခံသဖြင့် အသင့်ပါလာသော လက်လုပ်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်မှု ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ကော့ကရိတ်မြို့နယ် ဆင်ကုန်းကျေးရွာနေ ကိုတင်ဝင်းအောင် (၂၅ နှစ်ခန့်) ဆိုသူသည် နန်းကော်တိုးကျေးရွာနေ ဇနီးဖြစ်သူ မစန္ဒာလင်း (၂၅ နှစ်ခန့်) ကို ပြန်ပေါင်းသင်းရန် ဇွန်လ ၈ ရက်က သွားရောက်ညှိနှိုင်းရာ လက်မခံသဖြင့် ထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ပြန်မပေါင်းနိုင်ကြောင်း ဇနီးဖြစ်သူက ပြောကြားခဲ့သဖြင့် အသင့်ပါလာသော အရှည် ၆ လက်မခန့်၊ လုံးပတ် တစ်ကျပ်လုံးခန့်ရှိ RC ကော်ပိုက်အတွင်း ယမ်းနှင့် ကေဗွီကြေးကြိုးအပိုင်းအစများ ရောနှောထည့်သွင်းကာ ဓာတ်ခဲ့အသေးသုံးလုံးနှင့် ဖြူ့စ်တပ်၍ ရှော့ခ်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

လက်လုပ်မိုင်းသည် ၎င်းတို့နှစ်ဦးအနီး ပေါက်ကွဲသဖြင့် ဖောက်ခွဲသူ ကိုတင်ဝင်းအောင်သည် ယာလက်ပေါက်ပြဲ စုတ်ပြတ်၊ ဝဲလက်ချောင်းများပြတ်ရှ (မစိုးရိမ်ရ) ခဲ့ပြီး မစန္ဒာလင်းသည် ယာပေါင်ပေါက်ပြဲ၊ ရင်ဘတ်ပေါက်ပြဲ (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသဖြင့် သက်ဆိုင်ရာက မှုခင်းဆေးစာဖြင့် ကော့ကရိတ်ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားသည်။ ထိုသို့ဖောက်ခွဲသူ ကိုတင်ဝင်းအောင်ကိုလည်း ရဲတပ်ဖွဲ့က အမှုဖွင့်ထားကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

R-17



FOLLOW US