News

POST TAGGED AS

ဓားထိုးမှု

ဖခင်ကို ဓားနှင့်ထိုးသတ်သည့် မသန်စွမ်းအမျိုးသားကို တရားစွဲ
ရန်ကုန်၊ မေ ၉ 

သံပိုက်လုံးနှင့် ရိုက်နှက်ခံရသဖြင့် ဓားဖြင့်ပြန်ထိုးရာမှ ဖခင်ဖြစ်သူ သေဆုံးသွားသဖြင့် ပြစ်မှုကျူးလွန်သည်ဟုဆိုသော အသက် ၂၉ နှစ်အရွယ် မသန်စွမ်းအမျိုးသားကို မေလ ၈ ရက် မွန်းလွဲပိုင်းက အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆို တင်ပို့ထားကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရသည်။

ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်တွင်နေထိုင်သူ အသက် ၅၅ နှစ်အရွယ် ဦးချစ်လွင်ဦးသည် ဧပြီလ ၁ ရက် နံနက် ပိုင်းက အရက်သေစာသောက်စားထားပြီး နေအိမ်သို့ပြန်လာကာ မသန်စွမ်းဖြစ်နေသည့် သားကို “မင်း ဘာအသုံးကျလဲ၊ ဆန်ကုန်မြေလေး၊ မင်းဘာလုပ်နိုင်လဲ၊ ငါပဲ ရှာကျွေးနေရတာ”ဟု ဆဲဆို ပြောကြားကာ သံပိုက်ဖြင့် အဆက်မပြတ်ရိုက်နှက်ရာက ဓားနှင့် ပြန်ထိုးခံရခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အရက်သောက်ပြီး အိမ်ပြန်လာတာ။ သူ့မိန်းမကိုလည်း ဟင်းမချက်ရ ကောင်းလားဆိုပြီး ဆဲဆိုသေးတယ်။ အဲဒါနဲ့ သူ့မိန်းမက ဈေးထဲကို ဟင်းစားသွားဝယ်နေတုန်း အိမ်မှာကျန်ခဲ့တဲ့ မသန်စွမ်းသားကို ရိုက်နှက်တာ။ ရိုက်နှက်တဲ့ဒဏ်မခံတော့ အနီးမှာရှိတဲ့ မီးဖိုချောင်သုံး စတီးဓားနဲ့ ထိုးလိုက်တာ”ဟု ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။

ဓားဖြင့်ထိုးခံရမှုကြောင့် ဦးချစ်လွင်ဦးတွင် ဝမ်းဗိုက်ညာဘက်ခြမ်း ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် သေဆုံးသွားသဖြင့် ဓားထိုးမှုကျူးလွန်သည်ဟုဆိုသော အသက် ၂၉ နှစ်အရွယ် ညာခြေ၊ ညာလက်မရှိသူ မသန်စွမ်းအမျိုးသားကို ဒေါပုံမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးကာ တရားစွဲဆိုတင်ပို့ခဲ့သဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးက အမှုအမှတ် ၁၄၉/၁၈ ဖြင့် လက်ခံခဲ့၍ ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

J-16



FOLLOW US