News

POST TAGGED AS

ဓားခုတ်မှု

လင်မယားချင်းစကားများရာမှ ဇနီးက ခင်ပွန်းကို ဓားဖြင့်ခုတ်သတ်
တောင်ငူ၊ ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ဆွာမြို့ ဆံတော်ပို့ကျေးရွာအုပ်စု၊ ဇဝင်းကျေးရွာတွင် ဇွန်လ ၁ ရက် ညနေ ၅ နာရီခန့်က လင်မယားချင်းစကားများရာမှ ဇနီးက ခင်ပွန်းကို ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ 

ဆွာနယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက “ကောင်မလေးကို ကန်ကျောက်ထိုးကြိတ်ပြီး ဓားနဲ့ခုတ်ဖို့ ကြံစည်လို့ လက်ထဲကဓားကိုပြန်လုပြီး ဓားနဲ့ခုတ်သတ်ခဲ့တာပါ။ လက်ရှိတော့ ကောင်မလေးကိုလည်း ဆွာတိုက်နယ်ဆေးရုံမှာ ကုသပေးနေရတယ်”ဟု ပြောကြားသည်။

ဇဝင်းကျေးရွာနေ ကိုအောင်ကိုလတ် (၂၀ နှစ်ခန့်) နှင့် ၎င်း၏ဇနီး မဇင်မာဦး (၂၃ နှစ်ခန့်) တို့ စကားများရန်ဖြစ်ကြရာ ခင်ပွန်းဖြစ်သူ ကိုအောင်ကိုလတ် နေအိမ်အပေါ်ထပ် ဘုရားစင်ရှေ့တွင် ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ထိုသို့ သေဆုံးနေသည်ကို ၎င်း၏ မိခင်က တွေ့ရှိခဲ့သောကြောင့် ဆွာနယ်မြေရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အမှုနှင့်ပတ်သက်ပြီး မဇင်မာဦးကို ဆွာနယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း အဆိုပါရဲစခန်းထံမှ သိရှိရသည်။

R-15



FOLLOW US