News

POST TAGGED AS

ဓာတ်ကြိုး

ရန်ကုန်ခရိုင်လေးခုတွင် လျှပ်ကာပါသည့် ဓာတ်ကြိုးသစ်များ စက်တင်ဘာလကုန် အပြီးလဲလှယ်မည်
ရန်ကုန်၊ ဩဂုတ် ၁၄

ရန်ကုန်မြို့အတွင်း ခရိုင်လေးခုရှိ လူစည်ကားရာနေရာများနှင့် အဓိကလမ်းမကြီးများတွင် လျှပ်ကာပါသည့် ဓာတ်ကြိုးများကို စက်တင်ဘာလကုန်အတွင်း ဦးစားပေးစီမံချက်အနေနှင့် အပြီးလဲလှယ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ဦးအောင်ကျော်ဦးက ပြောကြားသည်။

“အများပြည်သူ အသုံးပြုတဲ့နေရာတွေမှာ ဓာတ်ကြိုးပြတ်ကျတဲ့အဖြစ်အပျက်တွေ နည်းပါးအောင်ပါ။ မြို့တွင်းမြို့နယ်တွေသာမကပဲ နယ်မြို့တွေမှာပါလဲလှယ်မှာပါ။ အန္တရာယ်ရှိနိုင်တဲ့နေရာတွေကို ဦးစားပေးပြင်မှာပါ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့အတွင်းရှိ လူအများအသုံးပြုနေသည့် ဈေးများ၊ ကားဂိတ်များနှင့် အဓိကလမ်းမကြီးများကို လျှပ်ကာပါသည့် ဓာတ်ကြိုး မိုင်အရှည်ပေ ၃၀ ကို ဦးစားပေးအစီအစဉ်အနေနှင့် စတင်လဲလှယ်မည်ဖြစ်ပြီး ယင်းတို့တွင် မြို့တွင်းမြို့နယ်များအပြင် တောင်ဥက္ကလာ၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ သမိုင်း၊ သန်လျင်၊ ဒလ၊ ကျောက်တန်း၊ သုံးခွ၊ ထောက်ကြန့်၊ လှည်းကူး၊ ကွမ်းခြံကုန်း၊ ကော့မှူးစသည့် မြို့နယ်အများစုပါဝင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။

“အရင်တုန်းက ဓာတ်ကြိုးပြတ်ကျရင် လျှပ်ကာမပါတော့ ဓာတ်စီးနေပြီးတော့ နင်းမိတော့ အသက်သေတာတို့ မတော်တဆဖြစ်တာတို့ရှိတယ်။ အခုလဲမယ့် ဓာတ်ကြိုးတွေက လျှပ်ကာပါတော့ ပြတ်ကျရင်တောင် မတော်တဆဖြစ်မှာကို ကာကွယ်နိုင်မယ်”ဟု မြောက်ပိုင်းခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးမောင်မောင်သန့်စင်က ဆိုသည်။

လက်ရှိရန်ကုန်မြို့အတွင်း သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်ကြိုးများသည် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဓာတ်တိုင်များ လဲပြိုမှုများဖြစ်ခဲ့ပြီး အရေးပေါ်ပြန်လည် တပ်ဆင်ထားခြင်း ဖြစ်သောကြောင့် လုံခြုံရေးပိုင်းအားနည်းသဖြင့် အသစ်လဲလှဲတပ်ဆင်သင့်ကြောင်း လျှပ်စစ်အင်ဂျင်နီယာတစ်ဦးက ထောက်ပြပြောဆိုသည်။

တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းမပေါ်တွင် ဇူလိုင်လ ၁၃ ရက်၌ လေပြင်းတိုက်သဖြင့် ရေအိုင်အတွင်း ပြတ်ကျခဲ့သည့် လျှပ်စစ်ဓာတ်ကြိုးတက်နင်းမိ၍ ရှစ်တန်းကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ပြီးနောက် အများပြည်သူသွားလာသည့်နေရာများရှိ ဓာတ်ကြိုးများသည် အန္တရာယ်ရှိကြောင်း ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

J-14



FOLLOW US