News

POST TAGGED AS

ဓာတ်ငွေ့

အမ်းတွင် တောင်သူများ မြေယာလျော်ကြေး အပြည့်မရသေးဟုဆို
စစ်တွေ၊ မတ် ၃ 

ရခိုင်ပြည်နယ် အမ်းမြို့တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် လျော်ကြေးပေးရေးအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ပိုက်လိုင်း စီမံကိန်းကုမ္ပဏီ CNPC တို့ဘက်မှ သီးနှံလျော်ကြေး တွက်ချပေးရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသဖြင့် တောင်သူများမှာ လျော်ကြေးအပြည့်အဝ မရရှိသေးကြောင်း ပိုက်လိုင်းရေးရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် မြေလျော်ကြေးနှင့်ပတ်သက်၍ အမ်းမြို့နယ်၊ စခန်းမော်ကျေးရွာအုပ်စု၊ အိုးပုံဘုန်းတော်ကြီးကျောင်းတွင် ပိုက်လိုင်းရေးရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့နှင့် ဒေသခံတောင်သူ ၁၂၀ ခန့်က တွေ့ဆုံဆွေးနွေးခဲ့သည်။ 

အဆိုပါ ဆွေးနွေးမှုတွင် ၂၀၁၁ ခုနှစ် မှ ၂၀၁၃ ခုနှစ်ထိ မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးပေးခဲ့မှု စာရင်းများကို MOGE အဖွဲ့အနေနှင့် လျော်ကြေးပေးချေနိုင်ရေးတွက်ချက်မှု ကော်မတီသို့ အမြန်ဆုံးပေးအပ်ရန်၊ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေအရ အမြန်ဆုံးတွက်၍ ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြရန်တို့ကို တောင်းဆိုခဲ့ကြကြောင်း ပိုက်လိုင်းရေးရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့က ထုတ်ပြန်သည်။ 

“တချို့ကို သီးနှံလျော်ကြေးပေးထားပြီးတော့ မြေယာလျော်ကြေးလုံးဝ မပေးသေးဘူး၊ တချို့ကတော့ ရာနှုန်းပြည့်မရသေးဘူး။ အဓိကတော့ CNPC ကုမ္ပဏီနဲ့ MOGE တို့က စာရင်းတွေ ကျွန်တော်တို့မပေးဘူး။ အလုပ်မလုပ်ဖြစ်နေတော့ တောင်သူတွေကို လျော်ကြေးပေးဖို့ အခက်ဖြစ်နေတယ်”ဟု မြို့နယ် တောင်သူကိုယ်စားလှယ် ဦးဝဏ္ဏစောက ပြောသည်။ 

ပိုက်လိုင်းစီမံကိန်းကြောင့် မြေယာဧက ၁၀၀၀ ကျော် ဆုံးရှုံးပျက်စီးသွားပြီး မြေယာလျော်ကြေး မရရှိသော တောင်သူ တစ်ထောင်ကျော်ရှိသည့်အနက် ၇၅ ရာခိုင်နှုန်းမှာ မြေယာလျော်ကြေး မရရှိသေးသော်လည်း သီးနှံလျော်ကြေးသာ ရရှိကြောင်း၊ လျော်ကြေးပေးချေရာတွင်လည်း သတ်မှတ်ဈေးနှုန်းနှင့် တောင်သူများအား ပေးချေသည့်ဈေးနှုန်း ကွာဟမှုရှိကြောင်း ၎င်းက ဆိုသည်။ 

တောင်းဆိုချက်များကို ၁၀ ရက်အတွင်း မဆောင်ရွက်ပေးပါက CNPC ကုမ္ပဏီနှင့် MOGE တို့ကို တောင်သူ ၁၀၀၀ ခန့်က ဆန္ဒပြမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

ဆုံးရှုံးခဲ့သော ဥယျာဉ်နှင့်မြေယာများအတွက် လျော်ကြေးရရှိရန် အမြန်ဆုံးလုပ်ပေးစေလိုကြောင်း၊ တောင်သူများမှာ စားဝတ်နေရေး အခက်အခဲအမျိုးမျိုးတို့နှင့် ရင်ဆိုင်နေရကြောင်း အမ်းမြို့နယ်မှ တောင်သူ ဦးလှဌေးသိန်းက ဆိုသည်။ 

CNPC ကုမ္ပဏီအနေနှင့် အမှန်တကယ်နစ်နာသည့် ဒေသခံများကို လျော်ကြေး အပြည့်အဝပေးခဲ့ကြောင်း၊ တောင်သူများ လိုအပ်မှုများရှိပါက ကုမ္ပဏီသို့ လာရောက်ညှိနှိုင်းနိုင်ကြောင်း CNPC ကုမ္ပဏီ၏ လူမှုဆက်ဆံရေးတာဝန်ခံ ဦးမိုးတင်က ပြောသည်။ 

R-22



FOLLOW US