News

POST TAGGED AS

ဓာတ်ငွေ့

မယ်ဥတောင်ကြိုးပြင်ကာကွယ်တော မြေယာလုပ်ကိုင်ခွင့် ပုံစံချထားပေးရန် တောင်းဆို
မန္တလေး၊ ဇန်နဝါရီ ၃၀

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မယ်ဥတောင်ကြိုးပြင်ကာကွယ်တောအတွင်း ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေများကို မြေယာလုပ်ကိုင်ခွင့် ပုံစံ (၇) ချထားပေးစေလိုကြောင်း ဒေသခံတောင်သူများက ဇန်နဝါရီလ ၃၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့ အစက ဒီမြေကို ကြိုးဝိုင်းထဲ ပါမပါမသိဘူး။ ၂၀၁၂ ခုနှစ် လယ်ယာမြဥပဒေထွက်တော့ ပုံစံ (၇) လျှောက်ဖို့လုပ်မှ သစ်တောကြိုးဝိုင်းထဲပါနေတာသိတယ်”ဟု ဒေသခံတောင်သူ ဦးဝင်းကိုက ပြောကြားသည်။

တောင်သူများအနေနှင့် ယင်းမြေယာများကို ၁၉၀၇ ခုနှစ်ဝန်းကျင်ကစ၍ သတ်မှတ်ထားသည့် မြေခွန်များအပါအဝင် အခွန်အသီးသီးပေးဆောင်ကာ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြရာမှ ၂၀၀၆ ခုနှစ်တွင် မယ်ဥတောင်ကြိုးပြင်ကာကွယ်တောအဖြစ် သစ်တောဝန်ကြီးဌာနက သတ်မှတ်ခဲ့ကြောင်း တောင်သူများ၏အဆိုအရ သိရသည်။

သစ်တောကြိုးဝိုင်းအတွင်း ဂန္ဓမာ ကျေးရွာအုပ်စုနှင့် အင်္ကျယ်ကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၄၆၇) (၄၆၇ - က) (၄၆၇ - ခ) (၄၆၇ /N) ကွင်းမှ တောင်သူ ၆၄ ဦးပိုင်သည့် မြေဧက ၁၅၀ နီးပါး ပါဝင်နေသည်ဟု ၎င်းတို့က ပြောဆိုသည်။

တောင်သူများအနေနှင့် သစ်တောမြေအတွင်းမှ ပယ်ဖျက်ပေးရန် စာတင်ခဲ့သည့်အတွက် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့က မန္တလေးခရိုင် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ပြီး ၂၇၄ ဒသမ ၆၉ ဧကကို ပယ်ဖျက်ပေးမည်ဟု ကတိပေးခဲ့ကြောင်း၊ ထိုသို့ကတိပေးခဲ့သော်လည်း သာသနာ့ မြေ၊ စစ်တပ်ပိုင်မြေနှင့် ရေကန်များကိုသာ သစ်တောပိုင်မြေထဲမှ ပယ်ဖျက်ပေးခဲ့သည်ဟုလည်း တောင်သူများထံမှ သိရသည်။

“ကျွန်တော်တို့ ပုံစံ (၇) လိုချင်တယ်ဆိုတာက စိုက်ပျိုးစရိတ်ချေးငွေတွေ လိုချင်လို့။ နိုင်ငံသားတစ်ယောက် ရသင့်ရပိုင်ခွင့်ရှိတာတွေ ရချင်တယ်”ဟု ဒေသခံတောင်သူ ဦးအောင်သိန်းဦးက ပြောကြားသည်။

စိုက်ပျိုးမြေများကို သစ်တောပိုင်မြေအတွင်းမှ ပယ်ဖျက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရမှသာ ပယ်ဖျက်ခွင့်ရှိကြောင်း မန္တလေးတိုင်း သစ်တောဦးစီးဌာနမှ အရာရှိတစ်ဦးက တုံ့ပြန်ပြောဆိုသည်။

ဒေသခံတောင်သူများ စိုက်ပျိုးလုပ်ကိုင်နေသော မြေယာများကို သစ်တောမြေအတွင်းမှ ပယ်ဖျက်ခြင်းမရှိသော်လည်း သစ်တောဦးစီးဌာနအနေနှင့် တားဆီးပိတ်ပင်ထားခြင်းမရှိကြောင်း တောင်သူများနှင့် သစ်တောဦးစီးဌာနထံမှ သိရသည်။

M-04



FOLLOW US