News

POST TAGGED AS

ဓာတ်လိုက်မှု

လမ်းခင်းရန် သံချောင်းစိုက်သည့် စည်ပင်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံး
ရန်ကုန်၊ ဇွန် ၂

စမ်းချောင်းမြို့နယ်၊ စမ်ချောင်း (တောင်) ရပ်ကွက်၊ ဗဟိုလမ်းနှင့် မင်းလမ်းထောင့်တွင် ဇွန်လ ၁ ရက် ညနေ ၄ နာ ရီခွဲခန့်က ကွန်ကရစ်လမ်းခင်းရန် သံချောင်းစိုက်သည့် အသက် ၄၁ နှစ်အရွယ် စည်ပင်ဝန်ထမ်းအမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။

အလုံမြို့နယ်၊ စည်ပင်ဝင်းအတွင်း နေထိုင်သူ အသက် ၄၁ နှစ်အရွယ် ဦးထွန်းထွန်းနိုင် (ခ) ကရင်သည် ယင်းနေ့က လမ်းဘေးမြေသားများကာပြီး ကွန်ကရစ်လမ်းခင်းရန်အတွက် သံချွန်ကို မြေကြီးအတွင်းသို့ ထိုးစိုက်စဉ် မြေကြီးအတွင်းရှိ မြေအောက်ဓာတ်ကြိုးကို ထိုးစိုက်မိပြီး လျှပ်စီးဝင်၍ ဓာတ်လိုက်သွားရာ ဘယ်နဖူးပွန်းဒဏ်ရာ၊ ညာလက်ညှိုးပွန်းဒဏ်ရာ၊ ဘယ်ဒူးစုတ်ပြဲဒဏ်ရာ၊ ဘယ်လက်ညှိုး စုတ်ပြဲဒဏ်ရာတို့ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှသိရသည်။

“သံချောင်းကိုင်ရင်း ဓာတ်လိုက်နေတာ သုံးမိနစ်လောက်ပဲ ကြာလိုက်တယ်။ လဲကျသွားတာ။ အဲဒါနဲ့ဆေးရုံကို ပို့ပြီး ၂ နာရီလောက်အကြာမှာ သေသွားတာ။ သူက စည်ပင်ဝန်ထမ်းဆိုပေမယ့် နေ့စားဝန်ထမ်းပါ၊ စည်ပင်ကနေ လိုင်းခန်းပေးထားတယ်။ သားသမီးတွေ ကျန်ခဲ့တယ်လို့တော့ သိရတယ်။ ဘယ်နှယောက်လဲတော့မသိဘူး”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်၍ စမ်းချောင်းမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၉/၁၈ ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။  

J-16



FOLLOW US