News

POST TAGGED AS

ဓာတ်ပုံပြပွဲ

12-May-2018

ပုဂံ ဘုရား
ငလျင်ဒဏ်သင့် ပုဂံဘုရား ၅၅ ဆူ ပြုပြင်ရန်ကျန်
ရန်ကုန်၊ မေ ၁၂

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့်ဘုရား ၅၅ ဆူပြုပြင်ရန် ကျန်ရှိသည့်အနက် ပထမ ဦးစားပေးအဆင့် ပြင်ဆင်ရန် ဘုရားခုနစ်ဆူပါဝင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။

“ပြည်တွင်းပြည်ပ ပညာရှင်တွေ ပြင်ဆင်နေတာ ဖြစ်တဲ့အတွက် အလုံးစုံပြီးဖို့ အချိန်ယူရလိမ့်မယ်။ ပထမ ဦးစားပေး အဖြစ်ပြင်ဆင်ဖို့ ဘုရားအချို့ ကျန်နေသေးပေမယ့်အားလုံးကို အရေးပေါ် ထိန်းသိမ်းမှုတွေ လုပ်ပြီး ဖြစ်ပါတယ်”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဆိုသည်။

ပုဂံယဉ်ကျေးမှု နယ်မြေအတွင်း ၂၀၁၆ ခုနှစ် ဩဂုတ် ၂၄ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ဘုရား ၃၈၉ ဆူ ပျက်စီးခဲ့ပြီး ယင်းတို့တွင် ပထမ ဦးစားပေးအဖြစ် ဘုရား ၃၆ ဆူ၊ ဒုတိယ ဦးစားပေး ၅၃ ဆူနှင့် တတိယ ဦးစားပေး ဘုရားအဆူ ၃၀၀ ပါဝင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပုဂံဘုရားများကို ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား၊ တရုတ်၊ ဂျာမနီ အစရှိသော ပြည်ပနိုင်ငံများမှ ပညာရှင်များ၏ အကူအညီများအပြင် ပြည်တွင်းရှိ ကုသိုလ်ရှင်များကိုလည်း ပူးပေါင်း ပါဝင်စေခဲ့ခြင်းဖြစ်ပြီး အသေးစား ပျက်စီးခဲ့သည့် ပုဂံဘုရားများကို အပြီးအစီး ပြင်ဆင်ပြီးဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။

ပုဂံယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ရန် ယခုနှစ် အစပိုင်းက ယူနက်စကို (ဗဟို) သို့ အဆိုပြုလွှာကို တင်ပြထားပြီးဖြစ်သည်။

ငလျင်ဒဏ်သင့်မှုကြောင့် ထိခိုက်ခဲ့ သည့်ဘုရားများကို ပြန်လည်ပြင်ဆင်ရာတွင် ရှေးမူမပျက် ပြန်လည် ထိန်းသိမ်းနိုင်ရန် ယူနက်စကိုမှ ပညာရှင်များနှင့် ရှေးဟောင်း ပညာရှင်များ ပါဝင်သည့်အဖွဲ့များ ပူးပေါင်း ဆောင်ရွက်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သည်။

J-14



FOLLOW US