News

POST TAGGED AS

ဓာတ်ပုံပြပွဲ

ပုဂံရှေးဟောင်းဘုရားများ ပြုပြင်ရန် ယူရိုတစ်သိန်းသုံးကျော် ဂျာမနီကထောက်ပံ့
မန္တလေး၊ ဖေဖော်ဝါရီ ၂၂

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားအချို့ကို ပြုပြင်ထိန်းသိမ်းရန် ယူရိုတစ်သိန်းသုံးသောင်းကျော် ဂျာမနီနိုင်ငံကထောက်ပံ့ပေးထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။ 

မြန်မာနိုင်ငံနှင့် ဂျာမနီနှစ်နိုင်ငံအကြား ပုဂံဒေသ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က လက်မှတ်ထိုးခဲ့ကြောင်း၊ နန်းဘုရားကာကွယ်ထိန်းသိမ်းခြင်းနှင့် နရသီဟပတေ့ (တရုတ်ပြေး) ဘုရားရှိ နံရံဆေးရေးပန်းချီများ ရေရှည်တည်တံ့စေရန် သင်တန်းများပေးခြင်းနှင့် နည်းပညာအကူအညီများကို ဂျာမနီနိုင်ငံက ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ထုတ်ပြန်ချက်များအရလည်း သိရသည်။ 

နားလည်မှုစာချွန်လွှာအရ ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၂ နှစ်သက်တမ်း ဆောင်ရွက်မည်ဖြစ်သော်လည်း လုပ်ငန်းများစတင်မည့်အချိန်ကို လတ်တလောတွင် ပြောကြားနိုင်သေးခြင်း မရှိကြောင်း၊ နန်းဘုရားအတွက် ယူရို ၉၉,၀၀၀၊ နရသီဟပတေ့ (တရုတ်ပြေး) ဘုရားအတွက် ယူရို ၃၆,၀၀၀ အကုန်အကျခံ ပြုပြင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောကြားသည်။ 

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပုဂံဒေသရှိ ဘုရားပေါင်း ၃၈၉ ဆူ ပျက်စီးခဲ့ရသည်။

M-05



FOLLOW US