News

POST TAGGED AS

ဒူတာတေး

“လူဖြူငမိုက်သား” တို့ အပြစ်ကျေရန် ဖွဲ့ထားသည့် ICC မှ ကမ္ဘာ့နိုင်ငံများ နုတ်ထွက်ကြရန် ဒူတာတေး တိုက်တွန်း


မနီလာ၊ မတ် ၁၈

အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက အခြားနိုင်ငံများလည်း အလားတူ နုတ်ထွက်ကြရန် တိုက်တွန်းခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့်လက ဒူတာတေး၏ အသေအပျောက်များသော မူးယစ်စစ်ပွဲကို စုံစမ်းစစ်ဆေးမည်ဟု ICC က ကြေညာထားသည်။

ICC ကို ပေါ်ပေါက်လာစေသော ရောမဥပဒေ (Rome Statute) မှာ “-ျီးထုပ်” ဖြစ်ပြီး အားလုံး ဝိုင်းဝန်းရေးဆွဲထားခြင်းမဟုတ်ဟု ဒူတာတေးက မှတ်ချက်ပေးခဲ့သည်။

ပြဿနာကို မီးမွှေးတတ်သည့် ဖိလစ်ပိုင်ခေါင်းဆောင်သည် ယခင်ကလည်း အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ကို ခပ်ရိုင်းရိုင်း ဝေဖန်ခဲ့ဖူးသူ ဖြစ်သည်။

“ကျုပ်ပြောချင်တာက ရိုးရိုးလေးပဲ ထွက်လိုက်၊ ဘာလို့လဲဆိုတော့ ကမ္ဘာကို ကြေညာဖို့၊ အခုဒီသဘောတူစာချုပ်မှာပါတဲ့ တူတိုင်းကို ကျုပ်က နားချသွားမှာ၊ ထွက်သာထွက်၊ ထွက်သာထွက်လို့၊ ဒါက အင်မတန်ရိုင်းစိုင်းတဲ့ စာချုပ်ပဲ”ဟု ဒူတာတေးက ဖိလစ်ပိုင်ဗိုလ်သင်တန်းဆင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

“ဒါက အားလုံးပါဝင်ပြုစုထားတဲ့ ဥပဒေမဟုတ်ဘူး၊ ဥရောပသမဂ္ဂ (EU) က စပွန်ဆာပေးထားတဲ့ဟာပဲ”ဟု ဒူတာတေးက ဖြည့်စွက်ပြောကြားခဲ့သည်။

ဒူတာတေး၏ မူးယစ်နှိမ်နင်းရေးစစ်ပွဲနှင့်ပတ်သက်ပြီး ကနဦး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း နယ်သာလန်နိုင်ငံသည် ဟိတ်အခြေစိုက် ICC က ပြီးခဲ့သည့်လအတွင်း ကြေညာခဲ့သည်။

မတ်လ ၁၅ ရက်နေ့တွင် ဖိလစ်ပိုင်အစိုးရက ICC မှ နုတ်ထွက်ရန် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂထံ တရားဝင် အသိပေးအကြောင်းကြားလွှာ ပေးပို့ခဲ့သည်။

ICC မှ တရားဝင်နုတ်ထွက်ရန် တစ်နှစ်ကြိုတင်အသိပေးရမည်ဖြစ်သလို နုတ်ထွက်ရုံဖြင့် နုတ်ထွက်သည့်နိုင်ငံမှ ပုဂ္ဂိုလ်ကို တရားမစွဲဆိုနိုင်ခြင်းမျိုးတော့ မဟုတ်ပေ။ 

သို့သော်လည်း ယင်းသဘောတူစာချုပ်မှာ ပြည်တွင်းဥပဒေများနှင့် မညီသောကြောင့် မိမိကို ICC က တရားစွဲရန် အခွင့်အာဏာမပိုင်ဟု ဒူတာတေးက ပြောကြားထားသည်။

ICC သည် “ဥရောပသမဂ္ဂမှ လူဖြူငမိုက်သားများ” ၏ အာဖရိကနှင့် အရှေ့အလယ်ပိုင်းတွင် အမှားလုပ်ခဲ့သမျှကို အပြစ်ကျေစေရန်အားထုတ်မှု၏ တစ်စိတ်တစ်ဒေသသာဖြစ်သည်ဟုလည်း ဒူတာတေးက မှတ်ချက်ပေးခဲ့သည်။

“ဒီကောင်တွေက အာဖရိကကို သွားတုန်းက အာရပ်တွေကို သတ်တယ်။ ... ဒီ (ICC) က တကယ်တော့ သူတို့အပြစ်တွေကျေအောင် လုပ်ထားတဲ့ဟာပဲ၊ ပြီးလည်းပြီးရော အမည်းတွေကိုချည်း ဒါနဲ့ နှိပ်ကွပ်တာ၊ အခုတောင် ပြဿနာတွေ အများကြီးကို မွှေနေတုန်းပဲ”ဟု ဒူတာတေးက ဝေဖန်ခဲ့သည်။

ICC မှ ဖိလစ်ပိုင်နုတ်ထွက်မှု ပြီးစီးပါက အာဖရိကမှ ဘူရွန်ဒီနိုင်ငံပြီးလျှင် ဒုတိယမြောက် နုတ်ထွက်သည့် နိုင်ငံဖြစ်လာမည်ဖြစ်သည်။

F-03



FOLLOW US