News

POST TAGGED AS

ဒိုင်လူကြီး

ကမ္ဘာ့အဆင့်ပြိုင်ပွဲ တာဝန် ထမ်းဆောင်ခွင့်ရ မြန်မာကွင်းလယ်ဒိုင် (သို့မဟုတ်) ဒေါ်သိန်းသိန်းအေး
မန္တလေးမြို့၌ ကျင်းပခဲ့သည့် အာဆီယံချန်ပီယံ ရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဗီယက်နမ်အသင်း၏ ပယ်နယ်တီဂိုးကို ငြင်းဆန်ခဲ့သော အမျိုးသမီး ဒိုင်လူကြီး တစ်ဦးကို ပရိသတ်များ မှတ်မိကြဦးမည် ထင်သည်။ သူသည် မြန်မာအမျိုးသမီး ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးပင် ဖြစ်သည်။

ဂျပန်နိုင်ငံ၌ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့် ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူမည့် မြန်မာအမျိုးသမီး တစ်ဦးလည်း ဖြစ်သည်။

ဒေါ်သိန်းသိန်းအေးအနေနှင့် ငယ်ရွယ်စဉ် ဘဝကို ပြည့်ပြည့်စုံစုံ ဖြတ်သန်းခဲ့ရသူ မဟုတ်သော်လည်း လက်ရှိအချိန်၌ ကမ္ဘာ့အဆင့် ပြိုင်ပွဲများတွင် တာဝန် ထမ်းဆောင်ခွင့် ရခဲ့သည့် မြန်မာလူမျိုး ကွင်းလယ်ဒိုင် တစ်ဦး ဖြစ်သည်။

အ.လ.က (၃) ရန်ကင်းတွင် ကျောင်းသူ ဘဝကို စတင်ခဲ့ပြီး ထိုမှတစ်ဆင့် အ.ထ.က (၂) ရန်ကင်းမှ နေ၍ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူ ဖြစ်သည်။ ထိုမှတစ်ဆင့် တက္ကသိုလ် ကျောင်းသူဘဝကို နည်းပညာ တက္ကသိုလ်နှင့် စီးပွားရေး တက္ကသိုလ်တို့တွင် ဖြစ်သန်းခဲ့သည်။ လက်ရှိအချိန်တွင် အောင်မြင်သည့် ကွင်းလယ်ဒိုင်လူကြီး တစ်ဦးဖြစ်နေသော်လည်း ၎င်း၏ ငယ်ဘဝက ရူးသွပ်ခဲ့ရသော အားကစားနည်းမှာ ဘောလုံး မဟုတ်ခဲ့။

“အားကစားကို ဘယ်အရွယ်ကတည်း စလုပ်ခဲ့သလဲဆိုရင် ငယ်ငယ်ကတည်းကလို့ပဲ ပြောရမှာပေါ့။ လွတ်လပ်ရေးနေ့ဆိုရင် ပြေးပွဲ ပြိုင်ပွဲ ဝင်တယ်။ ဝင်ပြိုင်တိုင်းလည်း ပထမ ရတယ်။ ခြောက်တန်းလောက်မှာတော့ ကျောင်းအားကစားပွဲတွေ ဝင်ပြိုင်ခဲ့တယ်”ဟု သူ၏ အားကစား လှုပ်ရှားမှု စတင်ခဲ့ပုံကို ပြောပြသည်။

ကျောင်းအားကစား ပြိုင်ပွဲများတွင် ပထမဆုများ ရရှိခဲ့သော်လည်း မြို့နယ်အဆင့် ပြိုင်ပွဲများအတွက် ရွေးချယ်ရာတွင်မူ နောက်ကောက်ကျ ကျန်ရစ်ခဲ့ရသည်။ ထို့ကြောင့် သူ၏ အမေကို “သမီး ဘာ့ကြောင့် အမြဲတမ်း အရွေးချယ် မခံရတာလဲ”ဟုပင် မေးမြန်းခဲ့ရသည်။ မိခင်ဖြစ်သူက နှစ်သိမ့်ပေးခဲ့ခြင်းကြောင့်လည်း သူ ဝါသနာ ပါသည့် အားကစားကို လုပ်နိုင်ခဲ့သည်။

ဖခင်ဖြစ်သူသည် အ.လ.က (၃) ရန်ကင်းတွင် ညစောင့် တစ်ဦးဖြစ်ရာ ထိုအလုပ်မှတဆင့် ၁ဝ ပေ ပတ်လည် ဝန်းကျင်ရှိသော အခန်း တစ်ခန်းကို ရရှိသည်။ ထိုအခန်လေးတွင်ပင် မိသား တစ်စု နေထိုင်ခဲ့ကြပြီး မိခင်ဖြစ်သူက ဘိန်းမုန့်ရောင်း၍ တစ်ဖက် တစ်လမ်းမှ ဝင်ငွေ ရှာဖွေခဲ့သည်။
အားကစားသမားကောင်း တစ်ဦး ဖြစ်ရမည်ဟူသော အိပ်မက်ကို ဖော်ဆောင်ပေးခဲ့သူမှာ သူ၏ဆရာမ ဒေါ်ကော့ဂျာဆိုသူ ဖြစ်သည်။ ဒေါ်ကော့ဂျာသည်လည်း ဒိုင်လူကြီးဟောင်း တစ်ဦး ဖြစ်သည်။ ဒေါ်ကော့ဂျာနှင့် ဆုံဖြစ်ခဲ့သည်ကလည်း မိခင်ဖြစ်သူ၏ ဘိန်းမုန့်ဆိုင်တွင် ဖြစ်သည်။
ဒေါ်ကော့ဂျာက လူရွေးပြီးခဲ့ပြီဖြစ်သော မြို့နယ်လက်ရွေးစင် အပြေးသမား စာရင်းတွင် ပါဝင်ခွင့်ရအောင် ဆောင်ရွက်ပေးခဲ့သည်။ ထိုမှတစ်ဆင့် ခရိုင်လက်ရွေးစင်၊ ထို့နောက် တိုင်းလက်ရွေးစင်အထိ ဖြစ်လာခဲ့သည်။ သူ၏ ပထမဆုံး ပြည်နယ်နှင့် တိုင်းအဆင့် ပြိုင်ပွဲသည် ထားဝယ်တွင် ပြုလုပ်ခဲ့သော ကျောင်းသား အားကစားပွဲ ဖြစ်သည်။ သို့သော် သူသည် အရန် ကစားသမား အဖြစ်သာ ရှိနေခဲ့သည်။ သူ ၁ဝ တန်း ကျောင်းသူ ဖြစ်ချိန်၌မူ လူငယ်လက်ရွေးစင် တစ်ဦး ဖြစ်လာခဲ့ပြီး ထိုမှတစ်ဆင့် ပဏာမ လက်ရွေးစင် အဆင့် ဖြစ်ခဲ့သည်။ သို့သော် လက်ရွေးစင် တစ်ယောက် ဖြစ်ရန် ကံမပါခဲ့ပေ။ နည်းပညာ တက္ကသိုလ် ကျောင်းတက်ချိန်နှင့် သူ၏ လေ့ကျင့်ချိန်ဇယား တိုက်ဆိုင်နေခဲ့သည်။

“တချို့ရက်တွေမှာ ထမင်း မစားခဲ့ရတဲ့ နေ့တွေတောင် ရှိခဲ့တယ်။ တစ်ခါတလေမှာ အောင်ဆန်းကွင်း လေ့ကျင့်ရေး စခန်းက မနက်စာ ကျွေးတဲ့ ထမင်းကြော်ကို ဘူးထဲထည့်ပြီး နေ့လယ်စာ စားရတာမျိုးတွေ ရှိတယ်”ဟု သူ၏ ပြေးခုန်ပစ် အားကစား သမားဘဝကို ဖွင့်ဟခဲ့သည်။

သူသည် ဆီးဂိမ်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့် မရခဲ့သောကြောင့် အောင်ဆန်းကွင်း လေ့ကျင့်ရေး စခန်းမှ ပြန်ခဲ့ရသည်။

သူမ အောင်ဆန်းကွင်း လေ့ကျင့်ရေး စခန်းမှ ထွက်ခွာလာပြီးနောက် မြကန်သာဟု အမည်ရသည့် အားကစားကလပ် တစ်ခုတွင် အလုပ် ဝင်ခဲ့သည်။ ထို အားကစားကလပ်တွင် အလုပ်ဝင်နေချိန်တွင် ပြေးခုန်ပစ် အားကစား သမားတစ်ဦး ဖြစ်စေခဲ့သော ဆရာမ ဒေါ်ကော့ဂျာ သူ့ထံ ရောက်လာခဲ့ပြီး လမ်းသစ် တစ်ခု ဖွင့်ပေးခဲ့ပြန်သည်။

ထိုလမ်းသည် ကမ္ဘာ့အဆင့်အထိ လျှောက်လှမ်းရာလမ်း တစ်ခု ဖြစ်ခဲ့စေသည်။ ဘယ်ခရီးအထိ ရောက်မည်ကို မသိသောကြောင့် လျှောက်လှမ်းရန် ငြင်းဆန်ခဲ့ဖူးသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်မည့် ဒိုင်သင်တန်းကို တက်ရန် ဒေါ်ကော့ဂျာက လာခေါ်ခြင်း ဖြစ်သည်။ ဒေါ်ကော့ဂျာသည် ထိုအချိန်က အာရှအဆင့်ထိ ပေါက်ရောက်နေသော အမျိုးသမီး ဒိုင်လူကြီး တစ်ဦး။

ငယ်စဉ်ကတည်းက ပြေး ခုန် ပစ် အားကစားနည်းကိုသာ ဝါသနာပါခဲ့ဖူးသူ ဖြစ်၍ ဘောလုံးဒိုင်လူကြီး သင်တန်းကို မတက်လိုကြောင်း ငြင်းဆန်ခဲ့သော်လည်း ဒေါ်ကော့ဂျာ၏ ဆုံးမ သွန်သင်မှုကို လွန်ဆန်နိုင်ခဲ့ခြင်း မရှိဘဲ ဒိုင်သင်တန်း တက်ခဲ့ခြင်းက ကမ္ဘာ့အဆင့် ပြိုင်ပွဲတွင် တာဝန် ပေးအပ်ခြင်း ခံရသည်အထိပင်။

လက်ရှိအချိန်တွင် ဖီဖာ အသိအမှတ်ပြု ဒိုင်လူကြီး တစ်ဦး၊ အမျိုးသမီး ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲများ၌ ကွင်းလယ် ဒိုင်အဖြစ် ကိုင်တွယ်ခွင့် ရနေပြီဖြစ်သည်။

ဘောလုံးအားကစားနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများ သိခဲ့သူ မဟုတ်သလို ဘောလုံး သမား မဟုတ်ခဲ့သည့်အတွက် ဘောလုံး မကန်တတ်သူက ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် တာဝန်ယူခွင့်ရနေသူ ဖြစ်လာခဲ့သည်။

“အချိန် မလေးစားရင် ဘယ်တော့မှ ဒိုင်လူကြီးကောင်း တစ်ယောက်ဖြစ်မှာ မဟုတ်ဘူးလို့ သင်တန်း ဆရာက ပြောခဲ့တယ်”ဟု သင်တန်းတက်နေစဉ် ကာလအတွင်း ဆရာသမားများ၏ ဆုံးမခံရသူလည်း ဖြစ်သည်။

ဒိုင်သင်တန်း မတက်ရမီ အချိန်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသမီး အသင်းတွင် ဘောလုံးနှင့် ပတ်သက်သော အခြေခံ သဘောတရားများကို လေ့လာခဲ့ရသည်။

“နင်ကဘောလုံး မကန်တတ်ဘဲ ဒိုင်လူကြီး လုပ်ဦး မယ်။ ဟုတ်လားလို့ အဲဒီ့အသင်းက သူငယ်ချင်းတွေ လှောင်တာလည်း ခံခဲ့ဖူးတယ်”ဟု သူ၏ ဘောလုံးအခြေခံ သင်တန်းသူ ဘဝကို ဖွင့်ဟခဲ့သေးသည်။

ဒိုင်လူကြီး သင်တန်း ဆင်းပြီးချိန် ၂ဝဝ၅ ခုနှစ်က ဒိုင်လူကြီး မလုပ်သေးဘဲ ဘောလုံးသမားအဖြစ် တိုင်း နှင့်ပြည်နယ် လက်ရွေးစင် အဆင့်အထိ ကစားနိုင်ရန် ကြိုးပမ်းရန် စဉ်းစားခဲ့ဖူးသော်လည်း ဘောလုံး အဖွဲ့ချုပ်နှင့် ဒေါ်ကော့ဂျာတို့ကြောင့် ဒိုင်လူကြီး တစ်ဦးအဖြစ်သာ စတင်ခဲ့ရသည်။

ဒိုင်လူကြီးဘဝ လက်တွေ့ သင်ကြားမှုများကို အပျော်တမ်း အသင်းငယ်များ စုဝေးရာ သထုံကွင်း၌ စတင်ခဲ့သည်။ ထိုကွင်း၌ သူ၏ ဆရာဖြစ်သူမှာ ဦးသန်းဝင်း။ ဦးသန်းဝင်းထံသို့လည်း ဒေါ်ကော့ဂျာကပင် အပ်နှံပေးခဲ့သည်။
“စရောက်ရောက်ချင်းမှာ ဘာမှသိတာ မဟုတ်ဘူး။ သူများတွေ အကူဒိုင် လုပ်ရင် သူတို့နောက်ကနေ လိုက်လုပ်ရတယ်။ လူကျွံ ထောင်ရင်၊ လူကျွံလိုက် ထောင်၊ လက်ပစ်ဘောပေးရင် လက်ပစ် ဘော လိုက်ပေးပေါ့”ဟု သူ၏ ပထမဆုံး ဒိုင်အတွေ့အကြုံကို ပြောပြသည်။

သူသည် ကွင်းလယ်ဒိုင်အဖြစ် တာဝန် ထမ်းဆောင်ရန် ကြောက်ခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်သည်။ “ကွင်းလယ်ဒိုင်က ပွဲတွေမှာ ပိုပြီးတော့ အဆဲခံရတယ်လေ”ဟု (ရယ်ကာ မောကာ) ပြောဆိုခဲ့သေးသည်။

ဘောလုံးအဖွဲ့ချုပ်က တာဝန်ပေးခြင်းကြောင့် ခြေစမ်းပွဲများမှစ၍ ကွင်းလယ်ဒိုင်အဖြစ် တာဝန် ယူခဲ့သည်။ ထိုမှတဆင့် ပြည်နယ်နှင့် တိုင်း ပြိုင်ပွဲများတွင် တာဝန် ယူခဲ့ရသည်။

အမှတ်တရ အရှိဆုံးပွဲမှာ မန္တလေးမြို့တွင် ကျင်းပသည့် ပြည်နယ်နှင့် အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲစဉ် တစ်ခုဖြစ်သည်။ မန္တလေးတိုင်းနှင့် မွန်ပြည်နယ်တို့ တွေ့ဆုံသော ထိုပွဲစဉ်တွင် ကစားသမားများ၏ ပညာပြမှုကို ခံရသည်ဟု သူမက ဆိုသည်။

“အဲဒီပွဲစဉ်က ကစားသမားတွေက ကိုယ့်ထက် ပိုပြီး အတွေ့အကြုံ ရှိကြတယ်။ တစ်ခါတစ်ခါမှာ အနား နားကပ်ပြီး တံတောင်နဲ့ ကပ်ပြီး တွတ်သွားသေးတာ”ဟု ကိုယ်တွေ့ကြုံခဲ့ရသည့် အဖြစ်ကို ပြန်ပြောင်း ပြောဆိုခဲ့သည်။

ကမ္ဘာ့အဆင့်ပြိုင်ပွဲ တစ်ခုကို တာဝန်ယူ ကိုင်တွယ်ရတော့မည့် ဒေါ်သိန်းသိန်းအေး အနေနှင့် အတွေ့အကြုံ မရှိသေးသော ကွင်းလယ်ဒိုင်ဘဝတွင် အမှားများနှင့် ရင်ဆိုင်ခဲ့ရဖူးသူ ဖြစ်သည်။၂ဝဝ၇ ခုနှစ်က ကစားခဲ့သော မန္တလေးတိုင်းနှင့် မွန်ပြည်နယ်တို့ ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင်ပင် ဖြစ်သည်။ သူ့အနေနှင့် အမှား တစ်ခုကို ကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့သည်။

ဒုတိယပိုင်း ပွဲကစားချိန်တွင် မိနစ် ၂ဝ ဝန်းကျင်တွင် မန္တလေးတိုင်း အသင်းကို ပယ်နယ်တီ ကန်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပယ်နယ်တီ ကန်ခွင့်ပြုခဲ့သောကြောင့် မွန်ပြည်နယ် အသင်းဘက်မှ ကစားသမား တစ်ဦး၏ ဆဲရေး တိုင်းထွာခြင်း ခံခဲ့ရသည်။

“ကွင်းထဲမှာ ဒိုင်ကိုဆဲရင် ဥပဒေအရ ဒါဟာ အနီကတ်ပဲ။ ဒါ့ကြောင့် သူ့ကို (ဆဲရေးတိုင်းထွာသူကို) အနီ ကတ်ပြခဲ့တယ်”ဟု ဒေါ်သိန်းသိန်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်သည် ကွင်းလယ်ဒိုင်၏ အမှား မဟုတ်သေး။ မွန်ပြည်နယ် အသင်းက ဆက်မကစားတော့ဟု ဆိုသည်။ အနီကတ်မှ အဝါသို့ ပြောင်းပေးပါက ဆက်ကစားမည်ဟု ဆိုသော်လည်း သူ၏ ဆုံးဖြတ်ချက်ကို မပြင်ခဲ့သောကြောင့် မွန်ပြည်နယ်အသင်း အလျှော့ပေးခဲ့ရပြီး ပြိုင်ပွဲကို ဆက်ကစားစေခဲ့သည်။

ထိုအချိန်အထိ ကွင်းလယ်ဒိုင်တွင် တစ်စုံ တစ်ရာ အမှား မရှိသေး။ သို့သော် ပွဲပြီးချိန် နီးကပ်လာချိန်တွင် သူ့အနေနှင့် အမှား တစ်ခု ကျူးလွန်သလို ဖြစ်ခဲ့ရသည်။

“ပွဲပြီးဖို့ ငါးမိနစ်လောက် လိုသေးတယ်။ ထပ်ဆောင်း အချိန်ပို ပေးရမယ့် အချိန်ပေါ့။ သာမန် ပွဲကစားချိန်က ပြည့်နေပြီ။ စတုတ္ထဒိုင်ကို ကြည့်လိုက်တော့ အချက် မပြဘူး။ ပြတော့လည်း နားလည်မှုတွေ လွဲကုန်တယ်။ သူက ထိန်းထားလို့ ပြောတာ။ ကိုယ်က ပွဲသိမ်းခိုင်းတယ် ထင်ပြီး ပွဲသိမ်းခရာ မှုတ်လိုက်တာ အဲဒီမှာ ပြဿနာတွေ တက်တော့တာပဲ။ ဒိုင်ကြီးကြပ်ကိုမေးတော့ သိမ်းခိုင်းတာ မဟုတ်ဘူး။ ပွဲထိန်းထားခိုင်းတာလို့ ပြောတယ်။ ဒီပြဿနာကို ကျွန်မ နာရီမှာ ကျန်တဲ့ ငါးမိနစ်ရယ်၊ ဒိုင်ကြီးကြပ်မှာ ကျန်တဲ့ ခုနစ် မိနစ်ရယ် ပေါင်းပြီး နောက်နေ့မှာ ၁၂ မိနစ်ကို ကွင်း ပိတ် ကစားပြီး ဖြေရှင်းခဲ့ကြတယ်”ဟု သူက ရှင်းပြသည်။

ထိုပွဲစဉ် အပြီးတွင် ဒိုင်အလုပ်ကို စိတ်ကုန်ခဲ့သည်အထိ ဖြစ်ခဲ့သော်လည်း ထိုစဉ်က ဒိုင်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဦးတင်အောင် (ဂိုး) က ကွင်းပိတ် ကစားမည့် လက်ကျန်ပွဲစဉ်ကို ယုံကြည်စွာပင် တာဝန်ပေးခဲ့သည်။

ဒိုင်ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦးတင်အောင် (ဂိုး) အနေနှင့် သူ၏အမှားနှင့် ယှဉ်၍ ဒေါ်သိန်းသိန်းအေးကို အားပေး နှစ်သိမ့်ခဲ့ခြင်း ဖြစ်သည်။

ထိုပွဲစဉ်မှ အဖြစ်အပျက်များကို ဒိုင်ကော်မတီ ဥက္ကဋ္ဌက နားလည်ပေးခဲ့သော်လည်း ပြန်ကန်ပွဲစဉ်တွင် တစ်ယောက် လျော့နှင့် ကစားရသော မွန်ပြည်နယ်အသင်းက ရှုံးနိမ့်ခဲ့သောကြောင့် ကန့်ကွက်စာများ တင်ခဲ့ကြသောကြောင့် ဘောလုံးအဖွဲ့ချုပ်၏ ပွဲပယ် ပြစ်ဒဏ်ကို ခံခဲ့ရသည်။ ပွဲပယ် ပြစ်ဒဏ်မှာ ခြောက်လ ဖြစ်သည်။

ထိုသို့ ပွဲပယ်ပြစ်ဒဏ် ကျခံနေရချိန်အတွင်း လေ့ကျင့်မှုများကို ပြုလုပ်ခဲ့သောကြောင့် သူ၏ဘဝ အပြောင်းအလဲသည် ၂ဝဝ၈ ခုနှစ်တွင် ရောက်ရှိလာခဲ့သည်။ ဖီဖာ အသိအမှတ်ပြု ဒိုင်လူကြီး တစ်ဦး၏ အပြေး စံချိန်ယူရာတွင် အောင်မြင်ခဲ့သည်။ စီနီယာဖြစ်သူ ကိုယ်စား ထိုင်းနိုင်ငံတွင် ကွင်းလယ်ဒိုင်လူကြီး သင်တန်းကိုလည်း ဖြေဆို အောင်မြင်ခဲ့သည်။

ဗီယက်နမ်တွင် ကျင်းပခဲ့သည် အာဆီယံ ချန်ပီယံ ရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲသည် သူ၏ ပထမဆုံး နိုင်ငံတကာ ပွဲဖြစ်ခဲ့ပြီး ထိုပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အထိ ကိုင်တွယ်ခွင့် ရရှိခဲ့သည်။ ထိုပြိုင်ပွဲမှစ၍ သူမသည် နိုင်ငံတကာ ပြိုင်ပွဲများတွင် တာဝန် ထမ်းဆောင်ခွင့် ရခဲ့သည်။
၂ဝ၁၃ ခုနှစ်တွင်မူ သူ့အတွက် ဒဏ်ရာ ပြဿနာနှင့် ရင်ဆိုင်ခဲ့ရသည်။ ဒူးအရွတ်ပြတ် ဒဏ်ရာ ရခဲ့သောကြောင့် မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံ ချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ ဆီးဂိမ်းပြိုင်ပွဲ၊ တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် အာရှ ယူ-၁၆ ပြိုင်ပွဲတို့တွင် တာဝန် ထမ်းဆောင်ခွင့် ဆုံးရှုံးခဲ့ရသည်။

မြောက်ဥက္ကလာပ ဆေးရုံတွင် ကိုရီးယား ဆရာဝန်များ ခွဲစိတ်ကုသပေးခဲ့ပြီး ခြောက်လအတွင်း လမ်း ပြန်လျှောက်နိုင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် မည်သည့်ဒဏ်ရာ ပြဿနာနှင့်မျှ မကြုံတော့ဟု ဒေါ်သိန်းသိန်းအေးက ရှင်းပြသည်။

ဖီဖာဒိုင်အဖြစ် လျှောက်လှမ်း ခဲ့ရသည့် လမ်း တစ်လျှောက်တွင် အင်္ဂလိပ်စာ ကျွမ်းကျင်မှုကလည်း အရေးပါခဲ့သလို သူ၏ ဆရာများ၊ လုပ်ဖော်ကိုင်ဖက်များ၏ အားပေးမြှောက်စားမှု၊ ကူညီမှု၊ အမှားအယွင်း နည်းမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ လေ့လာ သင်ယူမှုများကလည်း ကမ္ဘာ့အဆင့်ပြိုင်ပွဲ တစ်ခုတွင် တာဝန်ယူခွင့်အတွက် အရေးပါခဲ့သည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ၂ဝ၁၆ အာဆီယံ ချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် သူ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဗီယက်နမ်တို့က အာရှဘောလုံး အဖွဲ့ချုပ်ထံ တိုင်ကြားခဲ့သေးသည်။ အာရှဘောလုံး အဖွဲ့ချုပ်က သူ၏ ဆုံးဖြတ်ချက်ကို လက်ခံခဲ့ခြင်းက ဖီဖာ ယူ-၂ဝ အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ခွင့် ရစေခဲ့သည်။

လက်ရှိအချိန်တွင် ဖီဖာယူ-၂ဝ ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက် ကြံ့ခိုင်မှုပိုင်းဆိုင်ရာများ အဆင်သင့် ဖြစ်နေပြီဟု ဆိုသော်လည်း ပွဲစဉ်များအတွင်း ဆုံးဖြတ်ချက် မစောရန် ပြင်ဆင်ရဦးမည် ဖြစ်သည်။
ပွဲစဉ်တစ်ခုခု၌ အမှားအယွင်း တစ်စုံတစ်ရာ လုပ်မိခဲ့ပါက နောင်လာမည့် ပြိုင်ပွဲများတွင် တာဝန် ထမ်းဆောင်ခွင့် ရရန်ဆိုသည်မှာ အခွင့်အရေး နည်းပါးသွားမည် ဖြစ်သည်။

အမည် - ဒေါ်သိန်းသိန်းအေး

မွေးသက္ကရာဇ် - ၂၁.၃.၁၉၈၂

ပညာအရည်အချင်း - B.A (စီးပွားစီမံ)၊ GTI (Cheminical)

စတင် တာဝန် ယူခဲ့သည့် ပြည်တွင်းပြိုင်ပွဲ - ၂ဝဝ၇ ခုနှစ် ပြည်နယ်နှင့် တိုင်း အမျိုးသမီး ဘောလုံးပြိုင်ပွဲ

နိုင်ငံတကာပြိုင်ပွဲ - ၂ဝဝ၈ ခုနှစ် အာဆီယံ ချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ 

ဖီဖာအသိအမှတ်ပြု ဒိုင်လူကြီးဖြစ်သည့်နှစ် - ၂ဝဝ၈ ခုနှစ်ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဂျပန်နိုင်ငံ၌ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်သည်။


ညီညီမိုဃ်းအောင်



FOLLOW US