News

POST TAGGED AS

ဒုသမ္မတ

တာချီလိတ်နှင့် မိုင်းဆတ်တွင် ဘိန်းစိမ်းနှင့် ဘိန်းဖြူများ ဖမ်းမိ


ကျိုင်းတုံ၊ မတ် ၉ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် မိုင်းဆတ်မြို့တို့တွင် မတ်လ ၈ ရက်နေ့က အမျိုးသားသုံးဦးထံမှ ဘိန်းစိမ်းနှင့်ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါနေ့ရက် ညနေပိုင်းက တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက်တွင် ဆိုင်ကယ်စီးနင်းလာသည့် အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးထံမှ ကျပ် ၄၅ သိန်းတန်ဖိုးရှိ ဘိန်းစိမ်း ၃ ကီလိုခန့်နှင့် နံနက်ပိုင်းက မိုင်းဆတ်မြို့ ၁၂ မိုင် ခြေတော်ရာဇရပ်လမ်းဆုံတွင် ဆိုင်ကယ်စီးနင်းလာသည့် အသက် ၁၈ နှစ်အရွယ် လူငယ်နှစ်ဦးထံမှ ကျပ်သိန်း ၁၁၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၆၉၀ ဂရမ်ခန့် ဖမ်းဆီးရမိကြောင်း ၎င်းက ဆိုသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၄၀ နှစ်အရွယ် လီမိန်နှင့် အသက် ၁၈ နှစ်အရွယ် လီဆာနှင့်ကျမောတို့သုံးဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မများအရ အရေးယူထားကြောင်း သက်ဆိုင်ရာရဲစခန်းများထံမှ သိရသည်။

R-16



FOLLOW US