News

POST TAGGED AS

ဒုရဲမှူးမိုးရန်နိုင်

ပြည်မြို့တွင် ဒုရဲမှူးမိုးရန်နိုင်ကို ထောက်ခံသည့် လှုပ်ရှားမှုလုပ်


ပြည်၊ ဧပြီ ၂၂

အင်းဒင်ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းရယူခဲ့သော သတင်းထောက်အား နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနှင့် တရားရင်ဆိုင်နေရစဉ် သက်သေထွက်ဆိုခဲ့သော ဒုရဲမှူး မိုးရန်နိုင်ကို ထောက်ခံသည့် လှုပ်ရှားမှုကို ပြည်မြို့တွင် ဧပြီလ ၂၂ ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည်။

ပြည်မြို့ ဗိုလ်ချုပ်လမ်း ဗိုလ်ချုပ်ကျောက်ရုပ်နှင့် ဗိုလ်ရှုခံရှေ့တွင် ညနေ ၃ နာရီခန့်မှစတင်ကာ ဒုရဲမှူး မိုးရန်နိုင်ကို ထောက်ခံဝန်းရံခြင်း၊ တရားဥပဒေအရ အကာအကွယ်ပေးရေး၊ လက်မှတ်ထိုး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဒုရဲမှူးကို တရားဥပဒေအရ အကာအကွယ်ပေးရန် အစိုးရထံ တောင်းဆိုမည်ဖြစ်ကြောင်း ပြည်မြို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

“အမှန်တရားကို ဖော်ထုတ်တဲ့အတွက် ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ ထောက်ခံပါတယ်။ ဂုဏ်ယူပါတယ်။ ဆက်ပြီးတော့လည်း အမှန်တရားအတိုင်း ရပ်တည်ပါ ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ ဝန်းရံသွားမယ်၊ အတူရှိနေပါမယ်”ဟု သခင်ကိုယ်တော်မှိုင်း မှိုင်းကွန်ရက်မှ ဦးချစ်ဆောင်က ပြောသည်။

လက်ရှိအစိုးရအနေနှင့် အမှန်တရား ဖော်ထုတ်ခဲ့သူများအား တရားဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန်၊ တရားဥပဒေစိုးမိုးရေး ဆက်လက် လုပ်ဆောင်သွားနိုင်စေလိုကြောင်း ၎င်းကပြောကြားသည်။

“နှစ်ခြောက်ဆယ်လောက်ရှိမှ အခုလို အစိုးရဝန်ထမ်းထဲ ပြည်ထဲရေးလက်အောက်က ဝန်ထမ်းကနေ ပြည်သူ့ဘက်စစ်စစ်ရပ်တည်ပြီး အမှန်တရား ပြောရဲသူ ထွက်ပေါ်လာတာ။ ဒီလိုများများ ထွက်ပေါ်မှ ပြည်သူတွေ အားကိုးစရာရှိမယ်”ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်ဇင်မာဝင်းက ပြောသည်။

အဆိုပါ လက်မှတ်ထိုးကမ်ပိန်း၊ တောင်းဆိုလှုပ်ရှားမှုအား ပြည်မြို့နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များ၊ စိတ်ပါဝင်စားသူများ၊ မြေလတ်ဂျာနယ်လစ် ကွန်ရက်တို့မှ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ အဖမ်းခံရသည့် သတင်းထောက်နှစ်ဦးနှင့် အမှန်တရားဖော်ထုတ်သူ ရဲတပ်ဖွဲ့ဝင်များ လွှတ်ပေးရေး၊ ပြည်သူလူထုမှာ ၎င်းတို့နှင့် တစ်သားတည်းဖြစ်ကြောင်းကို ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်မြို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ပြောကြားသည်။

M-06



FOLLOW US