News

POST TAGGED AS

ဒုက္ခသည်

ရိုက်တာသတင်းထောက်နှစ်ဦးကို အရပ်ဝတ်ရဲနှစ်ဦးက လမ်းပြခေါ်ဆောင်ခဲ့ဟု ယာဉ်မောင်းထွက်ဆို


ရန်ကုန်၊ ဇူလိုင် ၃၀

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခသတင်းစုံစမ်းရေးသားရန် အမှတ် (၈) တပ်ရင်းရှေ့သို့ ရောက်လာသော ရိုက်တာသတင်းထောက်နှစ်ဦးကို ဆိုင်ကယ်စီးလာသော အရပ်ဝတ်ရဲနှစ်ဦးက ဆောင်းရိပ်မွန် ဘီယာဆိုင်သို့ လမ်းပြခေါ်ဆောင်ခဲ့ကြောင်း ရိုက်တာသတင်းအေဂျင်စီ၏ ယာဉ်မောင်းဝန်ထမ်း ကိုမျိုးသန့်ဇော်က ဇူလိုင်လ ၃၀ ရက်က ပြုလုပ်သော ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။ 

အခင်းဖြစ်ပွားသည့် ညက သတင်းထောက်နှစ်ဦးက ရဲဝန်ထမ်းနှင့်အင်တာဗျူး ချိန်းဆိုထားသောကြောင့် အမှတ် (၈) တပ်ရင်းရုံးကို ည ၈ နာရီခန့်က ရုံးကားဖြင့် လိုက်ပို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အဲဒီနားရောက်တော့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးက ကားပေါ်ကဆင်းတယ်၊ ကျွန်တော့်ကို တခြားတစ်နေရာက ရပ်စောင့်နေပေါ့၊ ခဏနေတော့ ကိုဝလုံးက ဖုန်းဆက်တယ်၊ သူ့ကို ပြန်လာခေါ်ခိုင်းတယ်၊ ကားပေါ်ကို ကိုဝလုံးက ရှေ့ကတက်တယ်၊ ကိုကျော်စိုးဦးက နောက်ကတက်တယ်။ ကိုဝလုံးက ပြောတယ်၊ ဆိုင်ကယ်နောက်ကလိုက်ပေါ့၊ ဆိုင်ကယ်နဲ့ နှစ်ယောက်က ရှပ်အင်္ကျီအဖြူရောင် ဝတ်ထားတယ်၊ မျက်နှာမမြင်ရဘူး၊ ၂ မိနစ်လောက်ပဲကြာတယ် ဆောင်းရိပ်မွန် ဘီယာဆိုင် ရောက်တယ်”ဟု ၎င်းက ပြောကြားသည်။ 

ဆောင်းရိပ်မွန်ဘီယာဆိုင်တွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးက ဆင်းသွားပြီး အင်တာဗျူးအပြီး ဖုန်းဆက်မည်ဟု ပြောဆိုခဲ့သော်လည်း ၁၀ နာရီခန့်တွင် သတင်းထောက်နှစ်ဦး အဖမ်းခံလိုက်ရကြောင်းကို ကိုဝလုံးအမျိုးသမီးက ဖုန်းဆက်သည့်အတွက် ဆောင်းရိပ်မွန်ဘီယာဆိုင်သို့ သွားရောက်မေးမြန်းခဲ့ကြောင်း ၎င်းက ထွက်ဆိုခဲ့သည်။ 

တရားခွင်မှအပြန်တွင် သတင်းထောက်ကိုကျော်စိုးဦးက “ကျွန်တော်တို့ကို တပ်ကြပ်နိုင်လင်းတို့က ဦးဆောင်ခေါ်သွားတာကိုမြင်တဲ့ ကားဆရာကို စစ်ဆေးပါတယ်။ ကျွန်တော့်ဖုန်းထဲက ဘယ်ကမှန်းမသိတဲ့ စာရွက်စာတမ်းတွေ အကြောင်းရယ်၊ အင်းဒင်သတင်းနဲ့ ပတ်သက်ပြီး မီဒီယာကျင့်ဝတ်နဲ့အညီ လိုက်ခဲ့တဲ့အကြောင်း ထွက်ဆိုခဲ့တယ်”ဟု ပြောကြားသည်။ 

ရိုက်တာယာဉ်မောင်းဝန်ထမ်း ထွက်ဆိုချက်နှင့် တပ်ကြပ်နိုင်လင်းထွက်ဆိုချက်က ကွဲလွဲမှုရှိနေကြောင်း သတင်းထောက်နှစ်ဦးရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

“ကားဆရာက အခင်းဖြစ်တဲ့ညက အမှတ် (၈) တပ်ရင်းကို အင်တာဗျူးဖို့ သတင်းထောက်ကို လိုက်ပို့တယ်၊ အဲဒီရောက်တော့ အရပ်ဝတ်နဲ့ လူနှစ်ယောက်က ဆိုင်ကယ်နဲ့ ဦးဆောင်ခေါ်သွားတယ်၊ သူက သတင်းထောက်တွေ လိုက်ပို့တယ်။ ဆောင်းရိပ်မွန်ဘီယာဆိုင်ကို လိုက်ပို့ခဲ့တယ် ထွက်ဆိုတယ်”ဟု ၎င်းက ပြောကြားသည်။ 

တယ်လီနောအရာရှိကို စစ်ဆေးချိန်တွင် အခင်းဖြစ်ပွားသည့် ညက တပ်ကြပ်နိုင်လင်းက ဖုန်းခေါ်ဆိုခဲ့သည့် ဖုန်းခေါ်မှတ်တမ်း အဝင်အထွက်များကို စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဩဂုတ် ၆ ရက်နှင့် ၇ ရက်တွင် ရုံးချိန်းထပ်မံချိန်းဆိုထားပြီး နှစ်ရက်ဆက်တိုက် စစ်ဆေးသွားမည်ဖြစ်သည်။ 

J-18



FOLLOW US