News

POST TAGGED AS

ဒုက္ခသည်

စစ်တွေနှင့် ကျောက်ဖြူရှိ မွတ်ဆလင်ဒုက္ခသည်စခန်းလေးခု ရက်ပိုင်းအတွင်း ပိတ်မည်
ရန်ကုန်၊ ဇူလိုင် ၇

ရခိုင်ပြည်နယ်ရှိ စစ်တွေနှင့် ကျောက်ဖြူမြို့တွင် ၂၀၁၂ ခုနှစ်က ဖွင့်လှစ်ခဲ့သည့် မွတ်ဆလင်ဒုက္ခသည်စခန်းလေးခုကို ရက်ပိုင်းအတွင်း ပိတ်သိမ်းရန်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။ 

“IDP စခန်းတွေကို အမြန်ပိတ်သိမ်းဖို့ စနစ်တကျလုပ်နေတယ်။ ပထမသုံးခုကို ပိတ်သိမ်းပြီးပြီး။ အခုနောက်ထပ်လေးခုကို ဒီရက်ပိုင်း ထပ်ပိတ်သိမ်းမယ်”ဟု ၎င်းက ဆိုသည်။ 

ယင်းသို့ ပိတ်သိမ်းမည့်စခန်းများမှာ စစ်တွေမြို့ပေါ်ရှိ သက်ကယ်ပြင်ဒုက္ခသည်စခန်း၊ ခေါင်းဒုတ်ကား ဒုက္ခသည် စခန်း (၁) (၂) နှင့် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး ဒုက္ခသည်စခန်းတို့ဖြစ်သည်။

ဒုက္ခသည်စခန်းများကို အမြန်ဆုံးပိတ်သိမ်း၍ ပြန်လည်နေရာချထားရေး အစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကိုကိုနိုင်က ပြောကြားသည်။

“ဒုက္ခသည်စခန်းက အကုန်ပိတ်မှာ။ အခုလောလောဆယ်က စခန်းလေးခုပိတ်ဖို့က ညှိနှိုင်းနေတယ်။ အချက်အလက်အပြည့်အစုံတော့ မပြောနိုင်သေးဘူး။ ရုံးပိတ်ရက်ဖြစ်နေလို့”ဟု ၎င်းက ဆိုသည်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာနေသူများသည် ဒုက္ခသည်စခန်း ၁၉ ခုတွင် နေထိုင်လျက်ရှိသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကော်မရှင်၏ မတ်လထုတ် ကြားဖြတ်အစီရင်ခံစာတွင် ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းများတွင် အိုးအိမ်မဲ့နေထိုင်သူ ၁၂၀,၀၀၀ ရှိသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

J-18




FOLLOW US