News

POST TAGGED AS

ဒုက္ခသည်

၂၀၁၂ ခုနှစ်က ဖွင့်လှစ်ခဲ့သည့် ဒုက္ခသည်စခန်းသုံးခု ပိတ်သိမ်းရန် စီစဉ်
ရန်ကုန်၊ ဧပြီ ၂၁

၂၀၁၂ ခုနှစ်ကဖွင့်လှစ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းသုံးခုကို ပိတ်သိမ်းရန် စီစဉ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

“အခုက ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းဖို့ စီမံချက်နဲ့လုပ်နေတယ်။ မနှစ်က စခန်းသုံးခု ပိတ်တယ်။ အခု စခန်းခေါင်းဆောင်တွေနဲ့ ညှိနှိုင်းနေတယ်။ စခန်းတစ်ခုကတော့ ဒီရက်ပိုင်း ပိတ်သိမ်းဖို့ သဘောတူလိုက်ပြီး သူတို့နေဖို့အိမ်ကိုလည်း ဆောက်ထားပြီးပြီ” ဟု ၎င်းက ဆိုသည်။

ကျောက်တော်မြို့ပေါ်ရှိ နိတင်ဒုက္ခသည်စခန်းပိတ်သိမ်းရန် သဘောတူညီမှုရရှိခဲ့ပြီး စစ်တွေမြို့ပေါ်ရှိ ခေါင်းဒုတ်ကား ဒုက္ခသည်စခန်း (၁) နှင့် (၂) ကို ပိတ်သိမ်းရန် ဒုက္ခသည်စခန်းခေါင်းဆောင်များနှင့် ညှိနှိုင်းနေကြောင်း ၎င်းက ပြောကြားသည်။

နိတင်ဒုက္ခသည်များအတွက် ကျောက်တော်မြို့တွင် ဆောက်လုပ်ပြီးစီးထားသည့် အိမ်ခြေ ၈၅ လုံးတွင် နေရာချထားမည်ဖြစ်ပြီး ခေါင်းဒုတ်ကားစခန်းမှ ဒုက္ခသည်များ နေရာချထားပေးမှုနှင့်ပတ်သက်၍ စခန်းခေါင်းဆောင်များနှင့် ညှိနှိုင်းနေကြောင်းနှင့် ဒုက္ခသည်စခန်းများ အမြန်ဆုံးပိတ်သိမ်း၍ ပြန်လည်နေရာချထားရေးအစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာနေသူများသည် ဒုက္ခသည် စခန်း ၁၉ ခုတွင် နေထိုင်လျက်ရှိသည်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်း ၁၉ ခုကို ပိတ်သိမ်း၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကျေးရွာ ၂၃၊ တောင်ပိုင်းတွင် ၈ ရွာ စုစုပေါင်း ၃၁ ရွာ တည်ဆောက်၍ ရွှေ့ပြောင်းပေးရန် စီစဉ်ထားကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

၂၀၁၇ ခုနှစ် ဧပြီလကလည်း သက်ကယ်ပြင်ဒုက္ခသည်စခန်း၊ ရမ်းဗြဲဒုက္ခသည်စခန်းနှင့် ကျောက်ဖြူမြို့ရှိ ဒုက္ခသည်စခန်းသုံးခုကို ပိတ်သိမ်းခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ မတ်လထုတ် ကြားဖြတ်အစီရင်ခံစာတွင် ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းများတွင် အိုးအိမ်မဲ့နေထိုင်သူ ၁၂၀,၀၀၀ ရှိသည်ဟုပါရှိသည်။

J-18



FOLLOW US