News

POST TAGGED AS

ဒုက္ခသည်

ဗင်နီဇွဲလားတွင် စီးပွားရေးကျပ်တည်းမှုကြောင့် လူသန်းဝက်ခန့် ကိုလံဘီယာနယ်စပ်သို့ တိမ်းရှောင်ခိုလှုံ


ဘိုဂိုတာ၊ ဇန်နဝါရီ ၁၄

ဗင်နီဇွဲလားနိုင်ငံတွင် စီးပွားရေးအကျပ်အတည်း ကြီးစွာဆိုက်ရောက်နေခြင်း၊ အခြေခံလူသုံးကုန် ရှားပါးပြတ်လပ်ခြင်းနှင့် အစိုးရကို မလိုလားသူများအား နှိပ်ကွပ်နေခြင်းတို့ကြောင့် ပြည်သူသန်းဝက်ခန့် အစုလိုက်အပြုံလိုက် ကိုလံဘီယာနယ်စပ်ဘက်သို့ တိမ်းရှောင်ခိုလှုံလျက် ရှိကြကြောင်း DW သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဗင်နီဇွဲလားနယ်စပ်ဘက်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် ကြုံနေရပြီဖြစ်ပါကြောင်း ကိုလံဘီယာသမ္မတက သတိပေးပြောကြားထားသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဒုက္ခသည်ကိစ္စရပ်များကို ကိုင်တွယ်ရန်အတွက် ကိုလံဘီယာအစိုးရကို ကူညီမည်ဖြစ်ပါကြောင်း ကမ်းလှမ်းထားသည်။

ကိုလံဘီယာသည် ဗင်နီဇွဲလားဒုက္ခသည် လေးသိန်းခုနစ်သောင်းကို လက်ခံပေးထားပြီး အများစုသည် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေ့စဉ်သုံးပစ္စည်း ပြတ်လပ်နေသော နိုင်ငံကို စွန့်ခွာတိမ်းရှောင်လာကြသူများ ဖြစ်ကြသည်။ 

“ဗင်နီဇွဲလားကို စွန့်ခွာလာကြတဲ့ သိန်းပေါင်းများစွာသော လူအုပ်ကြီးကို လက်ခံပေးထားတဲ့ ကိုလံဘီယာဟာ အခက်အခဲတွေ့နေရပါတယ်”ဟု အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က မြို့တော်ဘိုဂိုတာတွင် ပြုလုပ်သောမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

“ဒီလူတွေကိုလက်ခံထားပေးပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရာမှာ နိုင်ငံတကာရဲ့အကူအညီတွေ ရအောင်လှုံ့ဆော်ပေးမှာဖြစ်ပြီး ကိုလံဘီယာအစိုးရနဲ့ ပြည်သူတို့ကို ကုလသမဂ္ဂအနေနဲ့ ထောက်ခံပါကြောင်း ပြောကြားလိုပါတယ်”ဟု အထွေထွေအတွင်းရေးမှူးချုပ်က ပြောကြားသည်။

ဗင်နီဇွဲလား၏ အာဏာရှင်ဆန်မှုသည် ဒေသတွင်းကို သိသာသော သက်ရောက်မှုများ ဖြစ်စေပါကြောင်း ကိုလံဘီယာသမ္မတ ဂျူအန်မန်နျူရယ်ဆန်တို့စ်က ပြောကြားခဲ့သည်။ 

“ကုလသမဂ္ဂအနေနှင့် ၎င်းတို့၏အတွေ့အကြုံများဖြင့် လူသားချင်းစာနာမှု အကျပ်အတည်းကို ပါဝင်ကူညီနိုင်ကြောင်း၊ ကူညီမှုများကို ကြိုဆိုပါကြောင်း” ကိုလံဘီယာသမ္မတ ဆန်တို့စ်က ပြောကြားသည်။

ဗင်နီဇွဲလားနိုင်ငံတွင်းသို့ လာရောက်ကူညီလိုကြောင်း ကိုလံဘီယာက ကမ်းလှမ်းဖူးပြီး ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မာဒူရိုက ငြင်းပယ်ထားဖူးသည်။

F-02



FOLLOW US