News

POST TAGGED AS

ဒီရေတော

ဒီရေတောများထိန်းသိမ်းရေး ဒိန်းမတ်က အမေရိကန်ဒေါ်လာ ၅ သန်းကျော်ထောက်ပံ့
ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ ဒီရေတောများကို စနစ်တကျ စီမံအုပ်ချုပ်ခြင်းစီမံကိန်းကို ဒိန်းမတ်နိုင်ငံ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်းကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနထံမှ သိရသည်။ 

အဆိုပါစီမံကိန်းသည် ၂၀၁၈ ခုနှစ်မှ စတင်၍ ၂၀၂၃ ခုနှစ် မတ်လအထိဖြစ်ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ စစ်တွေခရိုင် မြေပုံမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါဌာန ရေဝေရေလဲဒေသ အုပ်ချုပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောကြားသည်။

“တောပျက်တွေ ပြန်ထိန်းတာရယ် ဒေသခံတွေရဲ့ ဝင်ငွေတိုးလုပ်ငန်းတွေအတွက် အဓိကထားပြီးဆောင်ရွက်သွားမယ်”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်နှင့် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်သည့် ဒေသခံများအနေနှင့် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်မည့် စီမံကိန်းအတွက် ယနေ့ (ဖေဖော်ဝါရီလ ၉ ရက်) တွင် သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးတို့ သဘောတူလက်မှတ်ရေးထိုးမည်ဖြစ်သည်။ 

မြန်မာနိုင်ငံသည် ဒီရေတော ပေါက်ရောက်မှုအများဆုံးနိုင်ငံများစာရင်းတွင် နံပါတ် ၇ အဆင့်ရှိပြီး လေ့လာဆန်းစစ်မှုများအရ ဒီရေတောဧရိယာပေါင်း ၄၈၅,၀၀၀ ဟက်တာခန့်ရှိကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

အဆိုပါဒီရေတောများသည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း စိုက်ပျိုးမြေနှင့် ပုစွန်ကန်များချဲ့ထွင်ခြင်းနှင့် ထင်း အလွန်အကျွံ ခုတ်ယူခြင်းတို့ကြောင့် ဒီရေတောများပြုန်းတီးကာ ဂေဟစနစ်များ ပျက်စီးပြီး သစ်နှင့် ထင်းရှားပါးခြင်းနှင့် ငါး၊ ပုစွန်ကဲ့သို့ ရေသယံဇာတများ လျော့နည်းလာခြင်းနှင့် ပင်လယ်ဆားငန်ရေများ ဝင်ရောက်လာခြင်းကြောင့် စိုက်ပျိုးရေးထိခိုက်ခြင်းတို့ ဖြစ်ပေါ်နေကြောင်း၊ ယင်းကြောင့် ဒီရေတောများကို ပြန်လည်ထိန်းသိမ်းရန်လိုအပ်နေကြောင်း သစ်တောပညာရှင်များက သုံးသပ်ပြောကြားသည်။ 

မြန်မာနိုင်ငံတွင် ဒီရေတောများသည် တနင်္သာရီတိုင်းဒေသကြီးတွင် ၃၇ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄၆ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်တွင် ၁၇ ရာခိုင်နှုန်း ပေါက်ရောက်လေ့ရှိပြီး ဟက်တာပေါင်း ငါးသိန်းကျော်ရှိကြောင်း မြိတ်တက္ကသိုလ်၏ သုတေသနပြု လေ့လာထားချက်များအရ သိရသည်။

E-03



FOLLOW US