News

POST TAGGED AS

ဒီမိုကရေစီ

ရိုက်တာသတင်းထောက်နှစ်ဦးနှင့် တွေ့ဆုံခဲ့သော်လည်း မည်သည့်စာရွက်စာတမ်းမျှမပေးခဲ့ကြောင်း ဒုတပ်ကြပ် နိုင်လင်း ထွက်ဆို


ရန်ကုန်၊ မေ ၁၆

ရိုက်တာသတင်းထောက်နှစ်ဦးနှင့် တွေ့ဆုံခဲ့သော်လည်း ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် မည်သည့် စာရွက်စာတမ်းမျှ မပေးခဲ့ကြောင်း ဒုတပ်ကြပ် နိုင်လင်းက မေ ၁၆ ရက် ရုံးချိန်းတွင် ထွက်ဆိုခဲ့ကြောင်း သတင်းထောက်နှစ်ယောက်၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲခံထားရသည် ရိုက်တာသတင်းထောက် နှစ်ယောက်၏ ၁၈ ကြိမ်မြောက်ရုံးချိန်းကို မြောက်ပိုင်းခရိုင်တရားရုံးတွင် မေ ၁၆ ရက်က ရုံးထုတ်စစ်ဆေးခဲ့စဉ် တရားလိုပြသက်သေ ဒုတပ်ကြပ်နိုင်လင်းက ယခုကဲ့သို့ ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဝလုံးတို့နဲ့တွေ့တယ်။ သူ ဘာစာရွက်စာတမ်းမှ မပေးဘူးပြောတယ်။ စားသောက်ဆိုင်ကို ဝလုံးနဲ့သွားတာကို သူတစ်ယောက်တည်းပဲ သွားတာလို့ အကြိမ်ကြိမ်ငြင်းဆိုခဲ့တယ်။ ကျွန်တော်တို့ သိတာက နောက်အရာရှိ တစ်ယောက်ပါသွားတယ်။ ဒါပေမဲ့ ငြင်းဆိုတယ်။ သူတစ်ယောက်တည်းလာပါတယ်။ ရဲမှူးချုပ် တင်ကိုကို မပါဘူး။ နောက်ထပ် အရာရှိပါသွားတာကို အကြိမ်ကြိမ် ငြင်းဆိုခဲ့တယ်”ဟု ၎င်းက ဆိုသည်။

ရိုက်တာသတင်းထောက်နှစ်ယောက်ကို ရခိုင်ပြည်နယ်နှင့်ပတ်သက်သည့် စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများကို ဒုတပ်ကြပ်နိုင်လင်းက ပေးခဲ့ကြောင်း ဒုရဲမှူးမိုးရန်နိုင်က ပထမရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။

သို့သော် ယနေ့ရုံးချိန်းတွင် ဒုတပ်ကြပ်နိုင်လင်းက တရားရုံးတွင် မည်သည့်စာရွက်မှမပေးခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့ခြင်းဖြစ်သည်။ 

“ကျွန်တော်နဲ့ ကိုဝလုံး၊ ကိုကျော်စိုးဦးတို့ တွေ့ဆုံချိန်းပြီး ကျွန်တော် တစ်စုံတစ်ရာ ရယူခဲ့ခြင်းမရှိသလို၊ ကျွန်တော့်ကိုလည်း ၎င်းတို့ထံမှ တစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိဟု” ယနေ့ ရုံးချိန်းတွင် ဒုတပ်ကြပ်နိုင်လင်းက တရားရုံးတွင် ထွက်ဆိုခဲ့သည်။ 

သို့သော် အင်းဒင်ကျေးရွာတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က အတွေ့အကြုံနှင့်ပတ်သက်၍ မေးမြန်းရန်အတွက် သတင်းထောက် ကိုဝလုံးက ဒီဇင်ဘာလ ၁၂ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်သောကြောင့် သွားရောက် တွေ့ဆုံခဲ့ခြင်းသာဖြစ်ကြောင်း ၎င်းက ထွက်ဆိုခဲ့သည်။

ယနေ့ ရုံးချိန်းတွင် ဒုတပ်ကြပ်နိုင်လင်းအပြင် အရာရှိတစ်ဦးထပ်မံပါရှိခဲ့သည်ကို ငြင်းဆိုခဲ့ကြောင်း ရုံးချိန်းအပြီးတွင် ရိုက်တာသတင်းထောက် ကိုဝလုံးက ပြောကြားသည်။

“ကျွန်တော်တို့ အင်းဒင်သတင်းကို လိုက်ခဲ့တာကို ထွက်ဆိုသွားတယ်၊ အဲဒီလောက်ပဲ မှန်ပါတယ်။ ကျွန်တော်တို့ကို တွေ့ဆုံတုန်းက ရဲတပ်ကြပ်နိုင်လင်းအပြင် နောက်ထပ်တစ်ယောက်ပါလာတယ်။ ဘယ်သူမှန်းတော့ ကျွန်တော်မသိဘူး။ ဗြောင်ကျကျ ငြင်းဆိုသွားတယ်။ တပ်ကြပ်ခင်မောင်လင်းနဲ့ ပတ်သက်ပြီး တပ်က ထုတ်ပယ်လိုက်ပြီလို့ပြောတယ်။ ကျွန်တော်တို့ တရားမျှတမှုလိုချင်ပါတယ်။ အမှန်တရားစောင့်စားနေတာ နှစ်တစ်ဝက်နီးပါး ရှိနေပါပြီ”ဟု ရုံးချိန်းအပြီး ကိုဝလုံးက ပြောဆိုသည်။

နောက်ထပ်ရုံးချိန်းကို မေ ၂၀၊ ၂၁ နှစ်ရက်ဆက်တိုက် စစ်ဆေးမည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါအမှုအတွက် တရားလိုပြသက်သေ ၂၄ ဦးအနက် ၁၉ ဦးကို စစ်ဆေးပြီးဖြစ်သည်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ရိုက်တာသတင်း ထောက်ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ဒီဇင်ဘာလ ၁၂ ရက်က စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် ထောက်ကြန့်နယ်မြေရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  

J-18



FOLLOW US