News

POST TAGGED AS

ဒီမိုကရေစီ

နမ္မတူတွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တပ်မတော်နှင့် တအောင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက် မွန်းလွဲပိုင်းတွင် နမ္မတူမြို့နယ် နာလင်းကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းနှင့်TNLA တပ်ရင်း (၈၇၆) နှင့် (၃၂၄) နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် အဆိုပါတစ်ရက်တည်းတွင် နမ့်ခမ်းမြို့နယ် စံကားရွာနှင့်မန်စပ် (မာန်စာက်) ရွာကြားတွင်လည်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားကြောင်း TNLA ထံမှ သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၇ ရက်ကလည်း နမ္မတူမြို့နယ် နမ့်ပန်လေးကျေးရွာ အနီးတွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြင်းထန်မှုရှိကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

လက်ရှိတွင် အဆိုပါတိုက်ပွဲများသည် ငြိမ်သက်သွားခြင်း မဟုတ်ဘဲ နှစ်ဖက်အပြန်အလှန် စောင့်ကြည့်နေသည့် အနေအထားတွင်ဖြစ်ပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း TNLA ထံမှ သိရသည်။

အဆိုပါ တိုက်ပွဲများသည် တပ်မတော်ဘက်မှ တအာင်းပလောင် လက်နက်ကိုင် အဖွဲ့ (TNLA) တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လာ၍ ဖြစ်ပွားရခြင်းဖြစ်ကြောင်း TNLA က စွပ်စွဲထားသည်။

“အဲဒီ သီပေါကျောက်မဲ၊ နမ္မတူတောင်ကြော တစ်လျှောက် တိုက်ပွဲတွေက မကြာခဏ ဖြစ်ပွားနေတာပဲ။ တပ်တွေလည်း မကြာခဏ လှုပ်ရှားနေတာတွေ့တယ်။ ပြည်သူတွေလည်း ကျီးလန့်စာ စားပဲနေနေရတာပေါ့”ဟု သီပေါမြို့တွင် ခရီးသည်တင် မော်တော်ယာဉ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ နမ့်ခမ်းနှင့်နမ္မတူတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍တပ်မတော်ဘက်က သတင်းထုတ်ပြန်မှု တစ်စုံတစ်ရာ ပြုလုပ်ထားခြင်း မရှိသေးပေ။

တအောင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) သည် အစိုးရနှင့် အပစ်ရပ် သဘောတူထားခြင်းမရှိသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး “ဝ” တပ်ဖွဲ့ (UWSA) ဦးဆောင်သည့် နိုင်ငံရေးဆွေးနွေးမှု ကော်မတီ (FPNCC) တွင်လည်း ပါဝင်နေသည့် အဖွဲ့ဖြစ်သည်။ 

J-08



FOLLOW US