News

POST TAGGED AS

ဒီမိုကရေစီ

ဟောင်ကောင်ကျောင်းသားခေါင်းဆောင်များ ထောင်ဒဏ်မှလွတ်မြောက်

ဟောင်ကောင်စီးတီး၊ ဖေဖော်ဝါရီ ၆

၂၀၁၄ ခုနှစ် ဟောင်ကောင် ဒီမိုကရေစီ လှုပ်ရှားမှု ထီးဆောင်းတော်လှန်ရေးကို ဦးဆောင်ခဲ့ကြသော ကျောင်းသားခေါင်းဆောင် သုံးဦးကို ဟောင်ကောင်ထိပ်တန်း တရားရုံးက ထောင်ဒဏ်များ ပယ်ဖျက်ပေးခဲ့ကြောင်း BBC သတင်းတစ်ရပ်ကဆိုသည်။

တရားမဝင် လူစုလူဝေးမှုဖြင့် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော ဂျိုရှူဝါ ဝေါင်း၊ နေသန်လောနှင့် အဲလက်စ်ချောင်တို့ကို တရားရုံးတင်ခဲ့ခြင်းဖြစ်သည်။ 

၎င်းတို့ကို အချုပ်ထဲ ထည့်ထားခြင်းကြောင့် နိုင်ငံတကာက အာရုံစိုက်မှုများ ရရှိခဲ့ကာ ဟောင်ကောင်အာဏာပိုင်သည် နိုင်ငံရေးဆန္ဒပြသူများကို နှိပ်ကွပ်နေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြဝေဖန်ထားကြသည်။

၂၀၁၄ ထီးတော်လှန်ရေး ဆန္ဒပြပွဲအတွင်း ဟောင်ကောင်ဗဟိုချက်မသည် သီတင်းပတ်ပေါင်း များစွာ စီးပွားရေး ရပ်ဆိုင်းသွားခဲ့သည်။ 

ကျောင်းသားခေါင်းဆောင် သုံးဦးသည် ဆန္ဒပြပွဲများ၏ ခေါင်းဆောင်များ ဖြစ်လာပြီး ၎င်းတို့သည် ဟောင်ကောင် အုပ်ချုပ်ရေးအား ဒီမိုကရေစီနည်းကျ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ 

ဆန္ဒပြပြည်သူများက အဓိကရုဏ်းရဲများ၏ မျက်ရည်ယိုဗုံးများကို ထီးများဖြင့်ကာကွယ်ရင်း ချီတက်ခဲ့ကြရာ ထီးတော်လှန်ရေးဟုလည်း နာမည်ကျော်ခဲ့သည်။ 

တရားမဝင်လူစုဆောင်းမှုဖြင့် အဆိုပါ ကျောင်းသားခေါင်းဆောင်သုံးဦးကို ဖမ်းဆီး အရေးယူထားခဲ့သည်။

၂၀၁၆ ခုနှစ်ကဂျိုရှူဝါ ဝေါင်းနှင့် နေသန်လောတို့ကို အများအကျိုးပြုလုပ်ငန်းများ ပြုလုပ်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အဲလက်စ်၏ပြစ်ဒဏ်ကို ဆိုင်းငံ့ခဲ့သည်။

သို့သော် ပြစ်ဒဏ်သည် သက်ညှာလွန်းသည်ဟုဆိုကာ ဟောင်ကောင်အစိုးရက အယူခံဝင်ခဲ့ပြီး အဆိုပါဖြစ်ရပ်သည် ဖြစ်တောင့်ဖြစ်ခဲဖြစ်၍ လူပြောများခဲ့သည်။

ထို့နောက် အဆိုပါ ကျောင်းသားခေါင်းဆောင်များကို ခြောက်လမှ ရှစ်လအထိ ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပတ်က ကျောင်းသားခေါင်းဆောင်များကို နိုဘယ်လ်ဆု ပေးရန်အတွက် အမေရိကန်နိုင်ငံရေးသမားများက အမည်စာရင်း သွင်းခဲ့လေရာ ဟောင်ကောင်နှင့် တရုတ်အစိုးရတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီးနောက် ၎င်းတို့ကို ပြန်လည် လွှတ်ပေးခဲ့သည့် သတင်းထွက်ပေါ်လာသည်။ 

F-02



FOLLOW US