News

31-Jul-2018

ဒလ လူသေအလောင်း
ဒလ-ပျော်ဘွယ်ကြီး ကားလမ်းဘေးတွင် ပုပ်ပွနေသော အမျိုးသားအလောင်းတွေ့
ရန်ကုန်၊ ဇူလိုင် ၃၀

ဒလမြို့နယ် ညောင်ငုတ္တိုကျေးရွာအနီး ဒလ-ပျော်ဘွယ်ကြီး ကားလမ်းဘေးရှိ ရေမြောင်းထဲတွင် ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းက ပုပ်ပွသေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ပုပ်ပွသေဆုံးနေသော အမျိုးသားမှာ အသက် ၃၅နှစ် ရှိပြီး ရုပ်အလောင်းကို ပတ်ဝန်းကျင်မှ စတင်တွေ့မြင်ခဲ့ပြီးနောက် တာဝန်ရှိသူများက လာရောက်စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိသောကြောင့် ရုပ်အလောင်းကို ဒလမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားကြောင်း ရဲအရာရှိထံမှသိရသည်။

“အလောင်းက ရေထဲမှာ တစ်ပတ်လောက်ရှိပြီဆိုတော့ အတော်ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ။ ရေမြောင်းဘေး အပေါ့သွားရင်းနဲ့ မြောင်းထဲပြုတ်ကျပြီး ရေနစ်သေဆုံးသွားတာလို့ ကနဦးစစ်ချက်အရ ယူဆထားတယ်။ သေဆုံးသူ မည်သူမည်ဝါဆိုတာလည်း အခုထိတော့ မသိရသေးဘူး”ဟု ရဲအရာရှိက ပြောသည်။

အဆိုပါ ပုပ်ပွသေဆုံးနေသော အမျိုးသား၏ ဝတ်ဆင်ထားသည့် ဘောင်းဘီအိတ်အတွင်း လက်ကိုင်ဖုန်းထဲမှ ဆင်းမ်ကတ်တစ်ခုကို ရရှိထားပြီး သေဆုံးသူမည်သူ မည်ဝါသိရှိရန်နှင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိရန် ဒလမြို့နယ် ပျော်ဘွယ်ကြီး နယ်မြေရဲစခန်းက သေမသေခင်း အမှတ်စဉ် ၆/၁၈ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

S-03



FOLLOW US