News

ကွမ်းယာသွားဝယ်သည့် ကလေးနှစ်ဦး ရေနစ်သေဆုံး
ရန်ကုန်၊ ဇွန် ၂၅ 

ဒလမြို့နယ်၊ ကမာကသွယ်ရပ်ကွက်၊ ဗိုလ်ဥတ္တမလမ်းနှင့် (၁) လမ်းသွယ်ထောင့်ရှိ အလျားပေ ၂၃၀၊ အနံပေ ၂၀၀ ခန့်၊ ရေအနက် ၆ ပေခန့်ရှိ ရေကန်အတွင်းတွင် ဇွန်လ ၂၃ ရက် နံနက် ၁၀ နာရီခန့်က ကွမ်းယာသွားဝယ်သည့် ကလေးနှစ်ဦး ရေနစ်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။

ယင်းရပ်ကွက်တွင်နေထိုင်သူ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် သားဖြစ်သူ အသက် ၄ နှစ်အရွယ် မောင်ရန်ရှင်းနှင့် တစ်အိမ်တည်းအတူ နေထိုင်သူ အသက် ၅ နှစ်အရွယ် မောင်ရဲမာန်တို့အား ဗိုလ်ဥတ္တမလမ်းဘေးရှိ ကွမ်းယာဆိုင်တစ်ဆိုင်သို့ ကွမ်းယာဝယ်ရန်စေခိုင်းခဲ့ရာ ပြန်မလာသဖြင့်လိုက်လံရှာဖွေရာ အထက်ပါနေရာရှိ ရေကန်အတွင်းတွင် ရေနစ်နေသည်ကို တွေ့ရှိခဲ့ရသဖြင့် ပတ်ဝန်းကျင်ပြည်သူများကို အကူအညီတောင်းဆယ်ယူကာ ဆေးရုံသို့တင်ပို့ကုသစဉ် လမ်း၌ သေဆုံးသွားခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကလေးနှစ်ဦး ရေနစ်သေဆုံးတဲ့ အလောင်းနှစ်လောင်းရောက်နေတယ် သတင်းရလို့ သွားစစ်ဆေးခဲ့တာ။ ၅ နှစ် ကလေးက KG တန်းတက်နေတယ်၊ ၄ နှစ်ကလေးကတော့ မူကြိုတက်နေတာ ပေါ့။ အလောင်းတွေမှာတော့ တခြား ပြင်ပဒဏ်ရာမတွေ့ရပါဘူး၊ သေမှုသေခင်းဖွင့် စစ်ဆေးနေပါတယ်”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းသေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ်သိရှိနိုင်ရန် ဒလမြို့နယ်ပြည်သူ့ဆေးရုံကြီးက အသက် ၅ နှစ်အရွယ် မောင်ရဲမာန်၏ ရုပ်အလောင်းကို PR-16 ဖြင့် လည်းကောင်း၊ အသက် ၄ နှစ်အရွယ် မောင်ရန်ရှင်း၏ ရုပ်အလောင်းကို PR-17  ဖြင့်လည်းကောင်း လက်ခံစစ်ဆေးနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ၂၀၁၇ ခုနှစ်၌ ရေနစ်သေဆုံးသူ ၃၁၁ ဦးရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ရေနစ်သေဆုံးသူ ၁၃၃ ဦးရှိကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

J-16



FOLLOW US