News

15-Jun-2018

ရန်ကုန် ဒလ
အန္တရာယ်ကြားက ရှင်သန်ရာဘဝများ


“စိတ်ထဲမှာတော့ ဒီလိုပဲ အသက်ရှင်လျက် ပြန်လာမယ်လို့တွေးမိတယ်” ဟု အသက် ၆၂ နှစ် အရွယ် ဒေါ်ပါးပါးက သားဖြစ်သူနဲ့ ချွေးမဖြစ်သူတို့နှစ်ဦးကို တောင့်တရင်း သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ပြောဆိုလိုက်သည်။

ဒေါ်ပါးပါး၏ သားဖြစ်သူ အသက် ၃၂ နှစ် အရွယ် ဦးရာဂျားနှင့် အသက် ၂၅ နှစ်အရွယ် ချွေးမဖြစ်သူ မဒါးနီတို့နှစ်ဦးသည် ဇွန်လ ၁၃ ရက်နံနက် ၇ နာရီခန့်က မင်္ဂလာဈေးတွင် အအေးရောင်းရန် ထွက်ခွာသွားပြီး ည ၈ နာရီခန့် မော်တင်ဆိပ်ကမ်းမှ ဒလမြို့၊ ကမာကသွယ်ဆိပ်ကမ်းသို့ ကူးခတ်သည့် သမ္ဗန်နစ်မြုပ်ရာတွင် ပါဝင်ပြီး ပျောက်ဆုံးသွားခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က ဟိန္ဒူရိုးရာနည်းဖြင့် မင်္ဂလာလက်ထပ်ပွဲ ကျင်းပထားပြီး မင်္ဂလာဈေးတွင် အအေးရောင်းနေသည်မှာ ၆ နှစ်ခန့်ရှိပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ရန်ကုန်ဘက်မှာ အလုပ်လုပ်နေတဲ့ သားငယ်ကပဲ ဖုန်းလှမ်းဆက်တာ၊ အစ်ကိုနဲ့အစ်မ အိမ်ပြန်ရောက်ပြီးလားပေါ့။ ဖြစ်တဲ့အချိန်ကလည်း သူတို့ပြန်နေကျ အချိန်လေ၊ အဲဒါနဲ့ သမ္ဗန်ဆိပ်ကိုလိုက်သွား၊ လူတွေ အုံနေတာနဲ့ ဆေးရုံအထိလိုက်သွားမှ သူတို့ပါတယ်ဆိုတာသိရတာ” ဟု ဒေါ်ပါးပါးကဆိုသည်။

ဆိပ်ကမ်းမြို့နယ်၊ မော်တင်ရပ်ကွက်၊ စဥ့်အိုးတန်းဆိပ်ကမ်းမှ ဒလမြို့နယ်၊ ကမာကသွယ်ဆိပ်ကမ်းသို့ ခရီးသည် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၃ ဦး လိုက်ပါ စီးနင်းလာသော သမ္ဗန်တစ်စီးသည် ကမ်းမှ ကိုက် ၁၀၀ ခန့်အကွာတွင် စက်ပျက်၍ ရေစီးဖြင့်မျောပါပြီး ဆိပ်ကမ်းအနီးဆိုက်ကပ်ထားသော ကုန်တင်သင်္ဘောတစ်စင်း၏ ဝမ်းဗိုက်အတွင်းဝင်ရောက်နစ်မြုပ်သွားရာ သမ္ဗန်မောင်းသမားအပါအဝင် အမျိုးသား ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး အမျိုးသားတစ်ဦး အမျိုးသမီး ၃ ဦးမှာ ပျောက်ဆုံးသွားခဲ့သည်။

ပျောက်ဆုံးနေသည့်သူများကို ပြန်လည်တွေ့ရှိနိုင်ရန် ရေကြောင်းရဲတပ်ဖွဲ့၊ ဒလမြို့နယ်၊ ကြက်ခြေနီတပ်ဖွဲ့နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့က ဝိုင်းဝန်းရှာဖွေနေပြီး ကူးတို့ဆိပ်တာဝန်ရှိသူများမှ ကမာကသွယ် သမ္ဗန်ဆိပ်ကမ်းတွင် ရိုးရာနည်းဖြစ်သည့် ငှက်ပျောပွဲ၊ အုန်းပွဲများတင်မြှောက်ကာ ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

“မနေ့က သတင်းရလို့ ကျွန်တော်တို့ အဖွဲ့တွေ အယောက်၂၀ လောက်နဲ့ဆင်းကြတာ။ အဓိကတော့ ဖြစ်သွားတဲ့ မိသားစုတွေကို ဆွေးနွေးနှစ်သိမ့်ပေးတဲ့ အပိုင်းပေါ့။ ရှာဖွေတာကတော့ ဒီမနက်မှပေါ့။ ဒီနေ့ရှာတယ်ဆိုတာလည်း မိသားစုဝင်တွေ စိတ်ချမ်းသာအောင်သာ ရှာဖွေရတာ၊ မပေါ်နိုင်ဘူးဆိုတာသိတယ်။ ကြုံတွေ့ဖူးတဲ့ အနေအထားအရ သုံးရက်နဲ့လေးရက်လောက်မှပေါ်မယ်ဆိုတာ လူတိုင်းသိပါတယ်” ဟု ဒလမြို့နယ်၊ ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့ခွဲမှူးကိုကျော်မျိုးက ရှင်းပြသည်။

ဒလမြို့နယ်နှင့် ရန်ကုန်ဘက်သို့ ကူးလူးသွားလာနေသည့် ခရီးသွားပြည်သူမှာ တစ်နေ့လျှင် လူဦးရေ တစ်သိန်းဝန်းကျင်ခန့်သွားလာနေပြီး ၅ သောင်း နှင့် ၆ သောင်းကြားမှာ သမ္ဗန်များဖြင့် သွားနေရကြောင်း၊ ဒလမြို့နယ်ဘက်တွင် သမ္ဗန်ဆိပ် ၁၀ ခုရှိ ပြီး ရန်ကုန်ဘက်တွင် နေရာတစ်ခုကို ဂိတ်လေးခုမှ စုပြုံဆိုက်ကပ်ရသည်များရှိကြောင်း ကမာကသွယ် သမ္ဗန်ဆိပ်ရှိ သမ္ဗန်မောင်းသမားများထံမှ စုံစမ်းသိရသည်။

“ဒီဘက်ကမ်း ဂိတ်လေးခုက မော်တင်ဆိပ်ကမ်းတစ်ခုတည်းမှာ ဆိုက်ကပ်ရတာ။ အဲဒါဆိုတော့ အဲဒီဘက်က ထွက်လာရင် ပုသိမ်သူတို့ ရှပ်ပြေးတို့က အဲဒီဘက်ကမ်းမှာ ကပ်ထားတာက ကပ်ကပ်လေး၊ ဂိတ်မှာက ဒီဘက်ဂိတ်လေးခုက ကပ်တဲ့ သမ္ဗန်တွေက အစီးတစ်ရာလောက်ရှိတာ၊ အဲဒီဘက်ကမ်းကနေထွက်ရရင် စက်မောင်းသမားတွေအထွက် အရမ်းသတိထားရတယ်” ဟု သမ္ဗန်နစ်မြုပ်သည့်နေရာ အနီး ကြုံတွေ့ရသည့် အခက်အခဲကို စက်လှေမောင်းသူ ကိုလှစိုးက ရှင်းပြသည်။

သမ္ဗန်စက်လှေမောင်းသူ ကိုလှစိုးသည် လုပ်သက် ၁၅ နှစ်ခန့်ရှိပြီး ကမာကသွယ်ဆိပ်ကမ်းနှင့် မော်တင်ဆိပ်ကမ်းတွင် စက်မောင်းအဖြစ် လုပ်ကိုင်နေသည်မှာ ၁၀ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ တစ်နေ့လျှင် အသွားအပြန် အခေါက် ၃၀ ခန့် မောင်းနှင်နေရပြီး တစ်နေ့လျှင် ငွေကျပ်နှစ်သောင်းနီးပါးရရှိကြောင်း၊ ယင်းငွေကျပ် နှစ်သောင်းအတွင်းမှ စက်ဆီနှစ်ဂါလန် ခန့်သုံးစွဲရပြီး ကျန်ရှိသည့်ငွေမှ မိသားစုသုံးစွဲရကြောင်း သိရသည်။

“မနေ့ သမ္ဗန်မြုပ်တယ်သတင်းကြားတော့ ကိုယ့်စက်ကို မောင်းပြီးထွက်သွားကြတာ။ ဟိုရောက်သွားတော့ ရေကူးနေတဲ့သူတွေကို တွေ့တယ်၊ အဲဒီလူတွေကို သမ္ဗန်ပေါ်ဆွဲတင်ကယ်ထုတ်ခဲ့ရတာ။ နစ်မြုပ်သွားတယ်ဆိုတဲ့ သမ္ဗန်ကတော့ မတွေ့တော့ဘူး၊ နေရာလောက်ပဲ သိခဲ့ရတာ၊ အဲဒီမြုပ်သွားတဲ့ သမ္ဗန်ကိုလည်း ဒီနေ့အထိရှာမတွေ့သေးဘူး” ဟု ကိုလှစိုးက ဆိုသည်။

သမ္ဗန်မောင်းသူများအနေနှင့် မြစ်ကြောင်းအတွင်း ရင်ဆိုင်ကြုံတွေ့ရသည်မှာ ရေပေါ်ရှိ ဒိုက်များ၊ ချုံများမဟုတ်ဘဲ ရေထဲတွင် နစ်မြုပ်နေသည့် ဆာလာအိတ်၊ ငှက်ပျောဖက်နှင့် သစ်တုံးများဖြစ်သည်ဟု ဆိုသည်။ 

သမ္ဗန်စီးခရီးသည်များ၏လုံခြုံရေးနှင့် ပတ်သက်၍ ဌာနဆိုင်ရာအသီးသီးမှထုတ်ပြန်ပေးသည့် မြစ်ကြောင်းဆိုင်ရာ ညွန်ကြားချက်များ၊ မိုးလေဝသဆိုင်ရာ ညွန်ကြားချက်များနှင့် သမ္ဗန်ပေါ်တွင် တင်ဆောင်အသုံးပြုရမည့် အသက်အင်္ကျီများ ထုတ်ပေးထားသည့်အပြင် သမ္ဗန်သမားများ လိုက်နာရမည့် စည်းကမ်းချက်များကိုပါ အသိပေးထုတ်ပြန်ထားကြောင်း ကမာကသွယ် (ကူးတို့) သမဝါယမအသင်း၏ အတွင်းရေးမှူး ဦးမောင်မောင်မြင့်က ပြောကြားသည်။

“သမ္ဗန်သမားတွေလိုက်နာရမယ့်စည်းကမ်းတွေ တင်းကျပ်စွာကိုင်တွယ်ထုတ်ပြန်ထားတယ်။ အရက်သေစာ သောက်စားလို့မရဘူး၊ မနက်လုပ်ငန်း ခွင်ထဲရောက်ပြီဆိုကတည်းက စည်းကမ်းတွေလိုက်နာရမယ်ဆိုတာ လက်မှတ်ထိုးထားပြီးသား၊ အဲလိုစည်း ကမ်းမလိုက်နာရင် ရာသက်ပန် ထုတ်ပယ်တဲ့အထိ အရေးယူတာမျိုးတွေ ရှိပါတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ယင်းနေ့ညပိုင်း သမ္ဗန်နစ်မြုပ်သည့်အချိန်တွင် မိုးရွာခြင်း၊ လေတိုက်ခြင်းမရှိကြောင်း၊ ရေကျချိန်ဖြစ်နေသည့်အတွက် ရေစီးသန်သည်ဟု ယူဆနိုင်ကြောင်း၊ မော်တင်ဆိပ်ကမ်းမှ ထွက်ခွာပြီး မော်ကျွန်းသို့သွားရောက်မည့် သင်္ဘောဆိုက်ကပ်ထားရာနေရာ အလွန်အရောက် စက်ရပ်သွားကာ ရေစီးနှင့်မျောပါသွားခြင်းဖြစ်ကြောင်း နစ်မြုပ်မှုတွင်ပါဝင်ပြီး လွတ်မြောက်လာသူ အသက် ၅၀ အရွယ် ဦးသန်းဦးက ရှင်းပြသည်။

“စက်မောင်းသမားက စက်ကို လေးငါးခြောက်ကြိမ်လောက်အထိ နှိုးတယ်။ လုံးဝနှိုးမရဘူး၊ အဲဒီအချိန်မှာ ရေစီးနဲ့မျောနေပြီ၊ မျောနေရင်းကနေ ကုန်တင်သင်္ဘောနားရောက်တော့ မရတော့ဘူးဆိုပြီး စက်လှေသမားက ဦးပိုင်းကနေ ရေထဲခုန်ချသွားတာ။ သူရေထဲလည်းခုန်ချရော သမ္ဗန်ရဲ့ ဦးခေါင်းက ဒလဘက်ဦးတည်နေရာကနေ ရန်ကုန်ဘက်ပြန်ရောက်လှည့်သွားတာ” ဟု ကြုံတွေ့ရသည့် အနေအထားကို ၎င်းကရှင်းပြသည်။

ဦးသန်းဦးသည် ယင်းသမ္ဗန်ပေါ်တွင် ခရီးသည် ၁၂ ဦးတင်ရန် လူတစ်ဦးအတွက် ငွေတစ်ရာကျပ် လိုအပ်နေရာ ၎င်းမှ စိုက်ထုတ်ပေးခဲ့သူဖြစ်ပြီး သမ္ဗန်နစ်မြုပ်ခြင်းမပြုမီ တက်ဖြင့်လှော်ခတ်ကာ ခရီးသည်များ၏ အသက်ကို ကယ်ဆယ်ရန်ကြိုးစားသော်လည်း သမ္ဗန်မှာ ကုန်တင်သင်္ဘော၏ ဝမ်းဗိုက်အောက်သို့ ရောက်ရှိသွားသည့်အတွက် ကိုယ်လွတ်ရုန်းထွက်ခဲ့ရသူဖြစ်သည်။

ဒလမြို့နယ်နှင့် ရန်ကုန်မြို့သို့ နေ့စဉ်သွားလာနေသည့် ခရီးသည်တို့နှင့် ပတ်သက်၍ “တစ်ခါတလေ ည ၁၂ နာရီလောက်အထိရှိတယ်။ စက်လှေသမားတွေရဲ့ အခက်အခဲကတော့ သိပ်မရှိဘူး၊ စက်လှေတွေရှိမှ ဒီမှာနေတဲ့သူတွေက သွားလို့လာလို့အဆင်ပြေတယ်။ သာရေးနာရေးကအစ စက်လှေတွေပဲ အားကိုးနေရတယ်။ ညဘက်ဆိုတာက မဖြစ်မနေမှသာ ကူးနေရတာ။ ညဘက်ဆိုတော့ အန္တရာယ်ရှိတာပေါ့”ဟု ကမာကသွယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်က ရပ်ကွက်နေပြည်သူများ၏ ကြုံတွေ့နေရသည့် အခက်အခဲကို ရှင်းပြသည်။

“ကျွန်တော်လည်း ရေလည်းကူးတတ်လို့သာပေါ့။ ရေသာမကူးတတ်ရင် ကျွန်တော်လည်း သေသွားနိုင်တယ်။ သမ္ဗန်ပေါ်မှာက တက်ကလည်းတစ်ချောင်းတည်း၊ အသက်ကယ်အင်္ကျီဆိုတာလည်း ဘာမှမရှိဘူး၊ တစ်ခုနှစ်ခုလောက်ပဲတွေ့တယ်” ဟု ဦးသန်းဦးက ပြောဆိုသည်။

ဇော်မိုးလွင်



FOLLOW US