News

ဒလတွင် သင်္ကြန်တွင်း ဆိုင်ကယ်စီးခွင့်မပြု


ရန်ကုန်၊ ဧပြီ ၎

ရန်ကုန်တိုင်း ဒလမြို့နယ်တွင် ယခုနှစ်မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ဆိုင်ကယ်စီးနင်းခြင်းကို ကန့်သတ်မည်ဖြစ်ကြောင်း ဒလမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနယ်နိမိတ် ၃၃ မြို့နယ်အတွင်းတွင် ဒလနှင့်ဆိပ်ကြီးခနောင်တို မြို့နယ်နှစ်ခုတွင် ဆိုင်ကယ်စီးနင်းခွင့် တရားဝင် ခွင့်ပြုထားသော်လည်း သင်္ကြန်ကာလအတွင်း ဒလမြို့နယ်တွင် ယာဉ်မတော်မဆမှုများ မဖြစ်ပွားစေရန် ဆိုင်ကယ်စီးနင်းခြင်းကို ကန့်သတ်ခြင်းဖြစ်ကြောင်း ဒလမြို့နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။

“လက်ရှိတော့ ဒလမြို့နယ်မှာ ကားတွေမရှိတော့ လိုအပ်ချက်အရ ဆိုင်ကယ်စီးနင်းခွင့်ပေးထားပါတယ်။ သင်္ကြန်တွင်းတော့ ဆိုင်ကယ်စီးနင်းခွင့် မပေးပါဘူး။ သင်္ကြန်မဏ္ဍပ်မှာ တာဝန်ကျတဲ့ ကော်မတီတွေကိုတော့ မဏ္ဍပ်နဲ့အိမ်ကိုသွားလာဖို့ စီးနင်းခွင့် စတစ်ကာတော့ ပေးထားတယ်”ဟု ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ဆိုသည်။

ဒလမြို့နယ်၊ ရပ်ကွက်အသီးသီးရှိ လမ်းဆုံ၊ လမ်းခွများတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးကို လုံခြုံရေးတာဝန်ချထားပြီး ဆိုင်ကယ် စီးနင်းသည်ကို တွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သင်္ကြန်ကာလအတွင်း ဒလမြို့နယ်တွင် အရက်သေစာရောင်းချမှုများကိုလည်း ကန့်သတ်မည်ဖြစ်ပြီး လုံခြုံရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှလည်း ပွဲတော်ကာလအတွင်း ရာဇဝတ်မှု မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးစီမံဆောင်ရွက်မှုများ စီစဉ်ထားလျက်ရှိကြောင်း ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ဒလမြို့နယ်တွင် မြို့နယ် ထွေ/အုပ် မဏ္ဍပ်ကို ဒလ-တွံတေး ကားလမ်းဘေးရှိ ကားကြီးဝင်းတွင် တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းမြို့နယ်ရှိ ရပ်ကွက်များနှင့် လမ်းမများတွင် ရေကစားမဏ္ဍပ်များကို စည်းကမ်းနှင့်အညီ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်းနှင့် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီနှင့် အထောက်အကူပြု ဆပ်ကော်မတီရှစ်ခု ဖွဲ့စည်းထားသည်။

J-10



FOLLOW US