News

တံတားဆောက်ရန် စုထားသည့်ငွေ ပြန်မပေးပါက ဆန္ဒထုတ်ဖော်မည်
တောင်ငူ၊ မတ်၂၁

ပဲခူးတိုင်း တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အကြား ဖြတ်သန်းစီးဆင်းနေသည့် ခပေါင်းချောင်းကူးတံတား အသစ်ဆောက်လုပ်ရန် ကျေးရွာ ၁၀ ရွာခန့်က ယာယီ တံတားဖြတ်သန်းခအဖြစ် ကောက်ခံစုဆောင်းထားသည့် ကျပ်သိန်း ၁၇၀ ခန့်ကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ကိုယ်ကျိုးရယူ သုံးစွဲထားသည့်အတွက် ဒေသခံများ အခက်ကြုံနေရသည့်အတွက် ပြန်မပေးပါက ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း စော်ဘွားကျေးရွာမှ ဦးမင်းမင်းက ပြောကြားသည်။

အဆိုပါ ငွေကြေးများကို ပြန်လည်တောင်းခံပေးခြင်းမရှိပါက တံတားဆောက်လုပ်ရေးကော်မတီဝင် ၅ ဦးနှင့် ငွေကြေးရယူထားသူဆိုသူ စက်သုံးဆီရောင်းဝယ်ရေး လုပ်ကိုင်သည့် ဒေါ်နှင်းဝတ်ရည်ကို ကျေးရွာသားများစုပေါင်းပြီး ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ချောင်းကူးတံတား အဟောင်းကို ဟိုဘက်ဒီဘက်က ကျေးရွာ ၁၀ ရွာလောက်က တံတားဖြတ်ကူးတဲ့ ဆိုင်ကယ်၊ စက်ဘီးတွေကို ငါးဆယ်တစ်ရာ ကောက်ခံ စုဆောင်းထားတဲ့ ငွေတွေပါ။ ပိုက်ဆံရလာချိန် ကွန်ကရစ်တံတား အသစ်ဆောက်ဖို့ကိစ္စကို သံနဲ့ဘိလပ်မြေ ပေးသွင်းမယ်ဆိုပြီး ကျပ်သိန်း တစ်ရာ့ခုနစ်ဆယ်ကို စီးပွားရေးလုပ်ငန်းရှင်က ၂၀၁၇ ခုနှစ် ဩဂုတ်လက ရယူသွားတာပါ။ ခုပြန်ပေးဖို့ကော်မတီက တောင်းဆိုတော့ ပြန်မပေးဘူးဆိုပြီး တိုင်ချင်ရာတိုင် ပြောနေတယ်”ဟု အုန်းပင်စုကျေးရွာ ဒေသခံ ဦးသိန်းစိုးက ပြောကြားသည်။

ကွန်ကရစ်တံတားဆောက်လုပ်ရန် အုတ်တွင်းဘက်ခြမ်း ကျေးရွာအချို့နှင့် တောင်ငူဘက်ခြမ်း ကျေးရွာအချို့က ဒေသခံလေးဦးနှင့် ကြက်တက်ညောင်ပင် ကျောင်းဆရာတော်တို့ဖြင့် ကော်မတီတစ်ခု ဖွဲ့စည်းထားပြီး ယခုအဆိုပါ ငွေကြေးကို ပြန်မရတော့ချိန်တွင် ကော်မတီဝင်များကလည်း ဖြေရှင်းပေးခြင်းမရှိကြောင်း ဒေသခံများက ဆိုသည်။ 

အဆိုပါပြဿနာနှင့်ပတ်သက်ပြီး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဇောထံ မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ဖုန်းဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းသော်လည်း လက်ခံဖြေကြားမှု မပြုခဲ့ချေ။

အဆိုပါ ချောင်းကူးတံတားသည် အုတ်တွင်းမြို့နယ် အုန်းပင်စုကျေးရွာအပါအဝင် ကျေးရွာအချို့နှင့် တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာအုပ်စုရှိ ကျေးရွာများကို ဆက်သွယ်ထားပြီး ယခုတံတားမှာ သစ်သားတံတားဖြစ်သည့်အပြင် ကား၊ ထော်လာဂျီသွားလာ၍မရဘဲ ပေ ၃၈၀ ကျော် ကွန်ကရစ်တံတားဆောက်လုပ်ရန် ပြင်ဆင်စုဆောင်းခဲ့ခြင်းဖြစ်သည်။

ယင်းပြဿနာနှင့်ပတ်​သက်​ပြီး ကိုယ်​ကျိုးသုံးစွဲထားသည်​ဟု စွပ်​ဆွဲခံရသည့် ​ဒေါ်နှင်းဝတ်​ရည်​က ငါးဦး​ကော်​မတီနှင့် ချုပ်​ဆိုထားသည့် စာချုပ်​ပါစည်းကမ်းချက်​များကို တစ်​စုံတစ်​ရာမျှ ချိုးဖောက်​ထားခြင်း မရှိ​သေး​ကြောင်း တုံ့ပြန်​ပြောဆိုသည်​။ 

R-15



FOLLOW US