News

POST TAGGED AS

ထီးခီးလမ်း

လမ်းရေကျော်နေသည်ကို လှေဖြင့်ဖြတ်ကူးရာမှ လှေမှောက်ပျောက်ဆုံးခဲ့သူ နှစ်ရက်အကြာတွင် အလောင်းပြန်တွေ့

ထားဝယ်၊ ဩဂုတ် ၂

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာရှိ ဝင်းဝတံတားအနီး လမ်းရေကျော်နေသည်ကို လှေဖြင့်ဖြတ်ကူးခဲ့ရာမှ လှေမှောက်ကာ ပျောက်ဆုံးခဲ့သူကို နှစ်ရက်အကြာတွင် အလောင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း ရှာဖွေရေးလုပ် ဆောင်နေသူများထံမှ သိရသည်။

ဇူလိုင်လ ၃၀ ရက်နေ့ည ၁၀ နာရီခန့်တွင် ရေကျော်နေသည့် မင်းဒပ်လမ်းကို လှေငယ်ဖြင့်ဖြတ်ကူးစဉ် လှေမှောက်ခဲ့ရာ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး ပျောက်ဆုံးခဲ့ပြီးနောက် ဩဂုတ်လ ၁ ရက်နေ့ နံနက်တွင် အလောင်းပြန်တွေ့ခဲ့ခြင်းဖြစ်သည်။

“အလောင်းတွေ့တာ လှေမှောက်တဲ့နေရာမှာ မဟုတ်ဘူး၊ မြစ်ဘေးက ဗောအနားမှာ ပြန်တွေ့တာ”ဟု ရှာဖွေကယ်ဆယ်ရေးလုပ်နေသူတစ်ဦးဖြစ်သည့် ဦးညိုမင်းက ပြောသည်။

လှေမှောက်ခဲ့စဉ်က လှေပေါ်တွင် ဆိုင်ကယ်နှစ်စင်းနှင့် သေဆုံးသူအပါအဝင် ခရီးသည် ၃ ဦး၊ လှေသမား ၂ ဦး လိုက်ပါလာရာ သေဆုံးသူအမျိုးသားမှအပ ကျန်သူများ လှေကို မင်းဒပ်ရွာဘက် ဆွဲယူကူး ခတ်လာနိုင်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဆိုင်ကယ်များကိုမူ ဇူလိုင်လ ၃၁ ရက် နံနက်တွင် ပြန်လည်ဆယ်ယူနိုင်ခဲ့သည်။

“သူက ဂျာကင်မိုးကာကြီး ဝတ်ထားတော့ ရေမကူးနိုင်ဘဲ ရေစီးနဲ့ မျောသွားတာဖြစ်မယ်၊ ညဘက်ဆိုတော့ ဘယ်နေရာ ကူးရမှန်းလည်း မသိနိုင်ဘူးလေ”ဟု မင်းဒပ်ရွာမှအမျိုးသမီးတစ်ဦးက ပြောသည်။

သေဆုံးသူအမျိုးသားသည် သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာသားတစ်ဦးဖြစ်ပြီး ၈ လသားအရွယ် ကလေးတစ်ဦး၏ဖခင်ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

မင်းဒပ်ရွာတွင် ယခင်နှစ်များက ရေကြီးလေ့ရှိသော်လည်း ယင်းသို့ လူသေဆုံးမှု မဖြစ်ဖူးဟု ရွာသူရွာသားများက ဆိုသည်။

Dawei Watch



FOLLOW US