News

POST TAGGED AS

ထိုင်း

သမ်မာဆက် တက္ကသိုလ် လူသတ်ပွဲ
အောက်တိုဘာ မုတ်သုံမိုးက ရွာတော့မည့် ဟန်ကောင်းကင်တစ်ခုလုံး ညိုမှောင်နေသည်။ ဆရီနုပွန်တစ်ယောက် သမ်မာဆက် တက္ကသိုလ် ဘောလုံးကွင်းထဲတွင် လေ့ကျင့်ရေး ဆင်းနေကြသည့် လူငယ်များကို ထိုင်ကြည့်နေမိသည်။ သူက ကြည့်နေရင်း လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကာလ မြင်ကွင်းတွေ ကို မျက်စိထဲ ပြန်မြင်လာသည်။ ထိုနှစ် ၄၀ ဤအချိန်က ဤဘောလုံးကွင်းထဲတွင် ကျောင်းသားရာပေါင်းများစွာကို ထိုင်းလုံခြုံရေး အထူးတပ်များနှင့် ဘုရင့်အထူးတပ်ဖွဲ့ဝင်များက ရက်စက်စွာ ပစ်သတ်ခဲ့ကြသည်ကို သူက မျက်စိထဲတွင် ပြန်လည်မြင်နေမိသည်။

ထိုနေ့က မသေဘဲ ကျန်ခဲ့သူများထဲတွင် ဆရီနုပွန်လို လူပေါင်းများစွာ ရှိနိုင်ပါသည်။ သူတို့သည်လည်း ၁၉၇၆ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့က အဖြစ်အပျက်ကြီးကို မေ့နိုင်ကြမည် မထင်ပေ။ သွေးပျက်စရာ ကောင်းလှသည့် ထိုင်းခေတ်သစ်သမိုင်းတွင် အဆိုးရွားဆုံး ကျောင်းသားများကို သတ်ဖြတ်မှုကြီးမှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀ က ဤနေရာတွင် ထိတ်လန့်စရာ ဖြစ်ပွားခဲ့ပါသည်။

“ဘောလုံးကွင်းကြီး တစ်ခုလုံး သွေးတွေဖုံးသွားတယ်။ ငါလည်း ဘယ်လိုလွတ်လာမှန်းတောင် မသိတော့ဘူး။ ဘုရားရှင်က မသေစေချင်သေးလို့ လွတ်လာတာပဲ” ဟု အသက် ၇၇ နှစ် အရွယ် ရှိနေပြီ ဖြစ်သော ဆရီနုပွန်က ပြောလိုက်သည်။ သူ့ကို ကျောင်းသားဆန္ဒပြမှုတွင် ပါဝင်သည်ဆိုကာ မသေသော်လည်း ထောင် ၂ နှစ်ချလိုက်သည်။ ထောင်ကလွတ်ပြီး အစိုးရအလုပ် သူဝင်လုပ်သည်။ ခုတော့ အငြိမ်းစားဘဝဖြင့် နေထိုင်ရသည်။

ထိုင်းနိုင်ငံသမိုင်းတွင် နိုင်ငံရေးဆန္ဒပြပွဲများ၊ အကြမ်းဖက်နှိမ်နင်းမှုများနှင့် စစ်တပ်က အာဏာသိမ်းမှုများသည် သမိုင်းနှင့်ချီပြီး ဖြစ်ပျက်နေသော အရေးအခင်းများ ဖြစ်သည်။ သို့သော် သမ်မာဆက် တက္ကသိုလ်တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားများ ဆန္ဒပြပွဲကို နှိမ်နင်းသတ်ဖြတ်မှုသည်ကား သမိုင်းတွင် အဆိုးရွားဆုံးနှင့် အရက်စက်ဆုံး ဖြစ်ခဲ့သည်။

၁၉၇၆ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့တွင် သမ်မာဆက် တက္ကသိုလ် တစ်ခုလုံး လက်ဝဲယိမ်း ကျောင်းသားတွေနှင့် ပြည့်နေသည်။ ထိုနေ့တွင် ကျောင်းသားတပ်ပေါင်းစုက ထိုင်းနိုင်ငံကို ပြန်ရောက်လာသည့် ယခင် အာဏာရှင်ဟောင်းကို ဆန့်ကျင်ဆန္ဒပြကြသည်။ ထိုအာဏာရှင် သာနွမ်ကစ်တီကာချွန်သည် သုံးနှစ်ခန့် ပြည်ပြေးအဖြစ် နေထိုင်ခဲ့ပြီးမှ ထိုင်းနိုင်ငံကို ပြန်ရောက်လာပြီး အာဏာပြန်လိုချင်နေသောကြောင့် ကျောင်းသားများက သူ့ကို အလိုမရှိကြောင်း ဆန္ဒပြနေကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ လုံခြုံရေးတပ်သည် ဘုရင့်တပ်နှင့် ပူးပေါင်းပြီး ဆန္ဒပြ ကျောင်းသားများကို ဝင်ရောက်နှိမ်နင်းခဲ့ကြသည်။ သူတို့က ကျောင်းဝင်းအတွင်း ဝင်ရောက်ပြီး ကျောင်းသားများကို သေနတ်နှင့်ပစ်ခြင်း၊ ဓားဖြင့်ထိုးခြင်းများအပြင် ကျောင်းသားများကို သစ်ပင်များတွင် ကြိုးဆွဲချကာ သတ်သည်အထိ ရက်စက်စွာ ပြုမူပြီး တုံ့ပြန်ခဲ့ကြသည်။

ကျောင်းသားများသည် ၁၉၇၃ ခုနှစ်လောက် ကတည်းက ဒီမိုကရေစီ ထောက်ခံသည့် ဆန္ဒပြပွဲများကို ပြုလုပ်နေကြသည်။ နောက်ဆုံး ၁၉၇၆ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့ လူသတ်ပွဲကြီးကို ရဲနှင့်စစ်တပ်များ ပူးပေါင်းပြီး အစွမ်းကုန် အရက်စက်ဆုံး ပြုမူပြလိုက်ခြင်းက ကျောင်းသားထု၏ သုံးနှစ်တာ စုစည်းမှုကို ပြိုကွဲသွားစေခဲ့ရုံမက နောက်ထပ် ၁၆ နှစ်တိုင် ထိုင်းနိုင်ငံကို စစ်တပ်က ဦးဆောင်သည့် အာဏာရှင်များ လွှမ်းမိုးသည့် အနေအထားမျိုးကို ရောက်သွားစေခဲ့သည်။ 

၁၉၇၆ ခုနှစ် အရေးအခင်းတွင် ရက်စက်စွာ သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်ပြီး အစိုးရအနေနှင့် လုပ်ဆောင်ခဲ့သော လူမဆန်မှုများကို ပြည်သူများအား သတင်းထုတ်ပြန်ခြင်းများ မရှိခဲ့ပေ။ ထိုင်းနိုင်ငံကို ဗိုလ်ချုပ်တွေက တက်လာပြီး အခြေအနေအရ ထိန်းသိမ်းအုပ်ချုပ်လိုက်ရသည်ဟု ပြောကာ စစ်အုပ်ချုပ်ရေးလက်ကို ရောက်သွားခဲ့ပြီးနောက် ပြီးပြီးပျောက်ပျောက် ဖြစ်သွားခဲ့ရသည်။ 

သမ်မာဆက် အရေးအခင်း

၁၉၇၆ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့ကတည်းက ကျောင်းသားများသည် သမ်မာဆက် တက္ကသိုလ် ကျောင်းနံရံများပေါ်တွင် အိမ်ရှေ့မင်းသားကို ဆန့်ကျင်သည့်ပုံများ ရေးဆွဲကာ ကပ်ထားကြသည်။ ကြိုးဆွဲချ ခံထားရသည့် ကျောင်းသားတစ်ဦး မျက်နှာနေရာတွင်  အိမ်ရှေ့မင်းသားပုံကို ကပ်ကာ ဆန္ဒပြကြသည်။ ကျောင်းသားများ ဆန္ဒပြကြသည့် သတင်းကို စစ်တပ်က ထိန်းချုပ်ထားသည့် ရေဒီယိုကလည်း အသံလွှင့်ကာ လူထုကို ထုတ်ပြန်ပေးနေသည်။ အသံလွှင့်ချက်ထဲတွင် ကျောင်းသားများသည် နန်းတော်ကို သိမ်းပိုက်ရန် ကြံစည်နေသည့်ဆိုသော စွပ်စွဲပြောဆိုချက်များ ပါလာသည်။ ထို့ပြင် ကျောင်းသားများကို ဗီယက်နမ်စပိုင်များ၊ ကွန်မြူနစ်များဟု စွပ်စွဲကာ ကျောင်းသားထုအတွင်း လက်နက်များပါ ကိုင်ဆောင်ထားကြောင်း သတင်းလွှင့်ထားလိုက်သည်။

၁၉၇၆ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် လက်ယာယိမ်းစစ်တပ်ကို ထောက်ခံသည့် အုပ်စုကြီး တစ်စုသည် သမ်မာဆက် တက္ကသိုလ်ရှေ့တွင် လာရောက်စုရုံးခဲ့ကြသည်။ ထိုသူများသည် စစ်တပ်နှင့် ဘုရင်ကို ထောက်ခံသူများ အသွင်ဖြင့် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ သူတို့က အပြင်တွင် ကျောင်းသားများကို ဆန့်ကျင်ပြီး ဆန္ဒပြနေကြခြင်း ဖြစ်သည်။

၁၉၇၆ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့ နံနက် ဝေလီဝေလင်း အချိန်တွင် ပြင်ပ၌ စုဝေးနေကြသည့် လူအုပ်ကြီးနှင့် စစ်တပ်သည် ကျောင်းဝင်းအတွင်းရှိ ကျောင်းသားများကို ပစ္စတိုသေနတ်များဖြင့် စတင်ပစ်ခတ်ခဲ့ကြသည်။ ထို့နောက် ရိုင်ဖယ်များ၊ ဗုံးများ၊ လောင်ချာများကို ပစ်ခတ်ပြီး ကျောင်းအတွင်း ထိုးဖောက်ဝင်ရောက်ကြတော့သည်။

ကျောင်းသားများက မပစ်ရန် အော်ဟစ်တောင်းပန်သော်လည်း ရဲတပ်ဖွဲ့မှ အရာရှိကြီးများက အမိန့်ပေးပြီး ဆက်ဝင်ခိုင်းသောကြောင့် စစ်တပ်ကို ထောက်ခံသည့် လူအုပ်ကြီးသည် တက္ကသိုလ်ဝင်းအတွင်း အော်ဟစ်ကာ ဝင်စီးခဲ့ကြတော့သည်။ 

ကျောင်းသားများသည် လက်နက်ကိုင်ထားသူများ ဝင်ရောက်ပစ်ခတ်နေမှုကြောင့် မြေပြင်တွင်ဝပ်ခြင်း၊ ဒူးထောက်တောင်းပန်ခြင်းများ ပြုလုပ်ကြသော်လည်း ဝိုင်းဝန်းရိုက်နှက်ခြင်းများကို ရက်စက်စွာ ပြုလုပ်ခဲ့ကြသည်။ အချို့ဆိုလျှင် သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခြင်းကိုပင် ခံကြရသည်။ မည်မျှအထိ ရက်စက်သနည်း ဆိုသော် ကျောင်းသားများကို သစ်ပင်များတွင် ကြိုးဆွဲချသတ်ခြင်း၊ ကိုယ်လက်များကို ဓားဖြင့် ခုတ်ဖြတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်းများကို လူမဆန်စွာ ပြုလုပ်ကြတော့သည်။ 

ကျောင်းသားများသည် ကျောင်းဝင်းနံရံကို ကျော်ပြီး ချောင်ဖရာမြစ်အတွင်း ကူးပြေးကြသည်။ ထိုသူများကိုလည်း စစ်တပ်က သေနတ်များဖြင့် ပစ်သတ်ခဲ့ကြသည်။ နယ်ခြားစောင့်တပ်၊ စစ်တပ်က မွေးထားသည့် လူမိုက်ဂိုဏ်းစတားများနှင့် စစ်တပ်က ခေါ်လာသည့် လူဆိုးလူမိုက်များသည် နာရီပေါင်းများစွာ ကြာသည့်တိုင် တက္ကသိုလ်ဝင်းအတွင်း လူသတ်ပွဲကြီးကို ဆင်နွှဲခဲ့ပြီးနောက် ကြိုတင်စီစဉ်ထားသည့်အတိုင်း ပျောက်ခြင်းမလှ ပျောက်ကုန်ကြသည်။ တက္ကသိုလ်ဝင်းကြီး တစ်ခုလုံးကို သွေးလွှမ်းသွားခဲ့ရပြီ။

ရလဒ်အဖြစ် နောက်တက်လာသည့် စစ်အစိုးရအဖွဲ့တွင် အရေးအခင်းကြီးကို ဦးဆောင်နှိမ်နင်းခဲ့သူ ဆာမက်ဆန်ဒါရာဗက်သည် ပြည်ထဲရေးဝန်ကြီးအဖြစ် သူကောင်းပြုခြင်း ခံလိုက်ရသည်။ ကျောင်းသားအများအပြား တောထဲကို ထွက်ပြေးကြပြီးနောက် ကွန်မြူနစ် ပြောက်ကျားများနှင့် ပေါင်းကာ တောခိုသူပုန်တွေ ဖြစ်ကုန်သည်။ နောက်ပိုင်းတွင် ထိုတောခိုကျောင်းသားများသည် နိုင်ငံရေးသမားတွေ ပြန်ဖြစ်လာကြသည်။

အောက်တိုဘာ ၆ ရက်နေ့ အရေးအခင်းကို စာရင်းချုပ်လိုက်သည့် အခါတွင် သေဆုံးသူကျောင်းသား ၄၆ ဦး၊ ဒဏ်ရာရသူ ၁၆၇ ဦးနှင့် ဖမ်းဆီးခံလိုက်ရသူပေါင်း ၃၀၀၀ ကျော် ဖြစ်သည်။ သေဆုံးသူဦးရေမှာ ခန့်မှန်းလောက်သာဖြစ်ပြီး မျက်မြင်ကိုယ်တွေ့များကမူ ၁၀၀ ကျော်မည်ဟု ဆိုကြသည်။ 

လက်ရှိ ဥပဒေ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူ ဆရာတစ်ဦးက ထိုနေ့အဖြစ်အပျက်ကို ပြန်ပြောပြသည်။

“အဲဒီနေ့က ကျွန်တော်လည်း ရက်ရက်စက်ကို အရိုက်ခံနေရတာ။ ရိုက်နေတာက စစ်တပ်က စစ်သားတစ်ယောက်။ ကျွန်တော့်ကို ကယ်လိုက်တာ ရဲတပ်ဖွဲ့ဝင်တစ်ဦးပါ” ဟု ပြောပြသည်။ ထိုနေ့က အားကစားကွင်းအတွင်း မှောက်ပြီး မနေသူ အားလုံးကို စစ်တပ်က ရက်စက်စွာ ပစ်ခတ်နှိမ်နင်းခဲ့သည်။ ဥပဒေပါမောက္ခက သူကိုယ်တိုင် လေးဖက်ထောက်ပြီး ဖြတ်ကျော်လာခဲ့ရသော အလောင်းပေါင်း ၂၀ ခန့် ရှိမည်ဟု ဆိုသည်။ 

သုံးသပ်ချက်

သမ်မာဆက် အရေးအခင်းသည် ကျောင်းသားများ စတင်ခဲ့သည့် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု အရေးအခင်းကြီးတစ်ခု ဖြစ်ခဲ့ပါသည်။ ကျောင်းသားများကို နှိမ်နင်းရာတွင်လည်း လက်နက်ကိုင်တပ်များထဲတွင် နိုင်ငံရေးအရ လက်ဝဲယိမ်းသူများကို မနှစ်သက်သည့် အဖွဲ့အစည်းများ၊ အထူးသဖြင့် ကြည်းတပ်နှင့် ရေတပ်မှ စစ်သားများ၊ စစ်တပ်နှင့် ဘုရင်ကို ထောက်ခံသည့် စည်းရုံးထားသော ဝန်ထမ်းများ၊ ရိုင်းစိုင်းသော ဂိုဏ်းစတားများ စသည်တို့ကို စစ်တပ်က ဦးဆောင်ပြီး သမ်မာဆက် တက္ကသိုလ်သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

၁၉၇၃ ခုနှစ် ကတည်းက ထိုင်းနိုင်ငံတွင် အုပ်ချုပ်သူ အာဏာပိုင်များကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ရှိနေသည်။ ကျောင်းသားများကလည်း ထိုလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်နေကြသည်။ 

ဆန္ဒပြ ဆန့်ကျင်သူများသည် ဘုရင်စနစ်ကို ပြောင်းလဲရန် ဆန္ဒပြနေကြခြင်း မဟုတ်ပေ။ သို့သော် ဆန့်ကျင်သူများကို တုံ့ပြန်သတ်ဖြတ်ရန် အမိန့်ပေးနေသူမှာ ဘုရင်မဖြစ်စေလိုကြပေ။ အောက်တိုဘာ ၁၄ ရက်နေ့က ဘုရင်ဘူမိဘောသည် သမ်မာဆက်တက္ကသိုလ် အုပ်ချုပ်ရေးနှင့် အာဏာပိုင်အဖွဲ့ကို ပြောင်းလဲပစ်လိုက်သည်။ 

အစိုးရက ကျောင်းသားထုအတွင်း ကွန်မြူနစ်တွေ ဝင်ရောက်စိုးမိုးနေသည်ဟု အကြောင်းပြသည်။ သို့သော် ၁၉၇၃ ခုနှစ် အောက်တိုဘာလတွင် စတင်ဖြစ်ပေါ်နေသော ကျောင်းသားအရေးအခင်းများထဲတွင် ကွန်မြူနစ်တို့ ချုပ်ကိုင်ဆောင်ရွက်နေသည် ဆိုသည့် လက္ခဏာများ မတွေ့ရပေ။ ကျောင်းသားထုအတွင်း ကွန်မြူပါတီ ဝင်ရောက်စည်းရုံးရန် မဖြစ်နိုင်သည့် အကြောင်းတရားပေါင်းများစွာ ထိုစဉ်က တွေ့နေရသည်။

ကျောင်းသားများသည် သူတို့အဖွဲ့ သူတို့ ကျောင်းသားများကို အလေးထားကြသူများ ဖြစ်သည်။ ကျောင်းသားအများစုကလည်း အလယ်အလတ်တန်းစားနှင့် ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြသည်။ သူတို့ ဤကျောင်းကို လာရောက်တက်ကာ ပညာရှာခြင်းမှာ နိုင်ငံရေးဆိုသည့် သဘောတရားထက် ဘွဲ့ရပြီးနောက် အစိုးရဝန်ထမ်းများ ဝင်လုပ်ရေးကို ဦးတည်ပြီး ရောက်လာကြခြင်း ဖြစ်သည်။ 

၁၉၇၃ ခုနှစ် ကျောင်းသားလှုပ်ရှားမှု ဖြစ်စဉ် ပြီးကတည်းက တက္ကသိုလ်ကျောင်းသားထုအတွင်း စာပေများ ဖြန့်ချိခြင်း၊ ဝေငှခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ ထိုစာများတွင် လက်နက်ကိုင်လမ်းစဉ်ကို ကျင့်သုံးရန်မှတစ်ပါး အာဏာရှင်လက်အောက်က လွတ်မြောက်ရန် မမြင်ဆိုသည့် အယူအဆ အရေးအသားများ တွေ့လာရသည်။ ထိုစဉ်ကတည်းက အစိုးရသည် ကျောင်းသားများကို ကွန်မြူနစ်များနှင့် ပူးပေါင်းလိုက်ပြီး အစိုးရနှင့် ဘုရင်စနစ်ကို တိုက်ခိုက်တော့မည်ဟု ဝါဒဖြန့်ခဲ့ကြသည်။

၁၉၇၃ ခုနှစ်မှ ၁၉၇၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံ ကျောင်းသားလှုပ်ရှားမှုများကို နိုင်ငံရေးအရ လေ့လာသုံးသပ်သူတိုင်းက ‘ဒီမိုကရေစီ လှုပ်ရှားမှု’ ဟုသာ ခေါင်းစဉ်တပ်ကြပါသည်။ ထို့ကြောင့် ထိုကာလများအတွင်း ကျဆုံးခဲ့ရသော ကျောင်းသားများကို ဒီမိုကရေစီတိုက်ပွဲ အတွက် ကျဆုံးခဲ့ရသူများ အဖြစ်သာ သတ်မှတ်နိုင်ခဲ့သော်လည်း စစ်အာဏာရှင် အုပ်မိုးထားမှုက မလွတ်မြောက်နိုင်သေးသောကြောင့် ထင်ရှားစွာ ဂုဏ်ပြုနိုင်ခဲ့ခြင်း မရှိသေးပေ။

နှစ်ပေါင်း ၄၀ ကာလ မမေ့နိုင်သူတွေက အောက်တိုဘာ ၆ ရက်နေ့ အရုဏ်တက်ချိန်ကို တစ်နှစ်မှ မမေ့နိုင်ခဲ့ပေ။ ကျောင်းသားတွေအပေါ် ဤမျှရက်စက်စွာ ပြုမူရန် လိုသလားဟု နှစ်စဉ် မေးခွန်းထုတ်နေကြဆဲ ဖြစ်သည်။ အာဏာရှင်တို့မည်သည် သူတို့ပြုမူခဲ့သမျှအပေါ် မည်သည့်အခါကမှ တာဝန်ယူ တာဝန်ခံခြင်း မရှိသဖြင့် ပြည်သူ့အစိုးရစစ်စစ် တက်လာပြီး နှစ် ၄၀ ကျော် ကိစ္စများကို ပြန်ဖော်ထုတ်ကာ အရေးယူသင့်သူများကို အရေးယူနိုင်ရန် ဆုတောင်းနေရုံမှတစ်ပါး အခြားနည်း မရှိကြောင်း အောက်တိုဘာ ၆ ရက်နေ့က ဝတ်ပြုဆုတောင်းလာသူ တစ်ဦးက သမ်မာဆက် တက္ကသိုလ်ရှေ့တွင် ပြောကြားခဲ့သည်။  

ကျော်ဗလ
(Ref : MalayMail Online, People’s Alliance For Democracy (Thailand), Southeast Asia, Time)



FOLLOW US