News

POST TAGGED AS

ထားဝယ်

ထားဝယ်မြို့ တစ်လမ်းမောင်း အရေးယူကာလ စတင်
ထားဝယ်၊ ဒီဇင်ဘာ ၉

ထားဝယ်မြို့တွင် ယာဉ်ကြောကြပ်တည်းမှု လျှော့ချရန်ဟု ဆိုကာ သတ်မှတ်ခဲ့သည့် တစ်လမ်းမောင်းစနစ်အတွက် ပညာပေးကာလ ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် စည်းကမ်း ဖောက်ဖျက်သူများကို ဒီဇင်ဘာလ ၁ ရက်မှ စတင်ကာ အရေးယူတော့မည် ဖြစ်သည်။

တစ်မောင်းစနစ် သတ်မှတ်ပြီး နှစ်လအကြာ ထိုသို့ အရေးယူမှု စတင်လာခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် တစ်လမ်းမောင်းစနစ်ကို စည်းကမ်းဖောက်သူ မရှိသလောက် ဖြစ်နေပြီး ၉၅ ရာခိုင်နှုန်းခန့် လိုက်နာသွားလာနေသည်ကို တွေ့ရကြောင်း အမှတ် (၁၁) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“လက်ရှိအချိန်မှာတော့ ဖမ်းဆီးအရေးယူတဲ့ ဖြစ်စဉ် မရှိသေးပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ထားဝယ်မြို့ပေါ်သို့ နယ်ဘက်က လာသူများမှာ မသိသေးသူများ ရှိနေသေးသည့်အတွက် စည်းကမ်းဖောက်ဖျက်မှုများ ရှိနေမည် ဖြစ်ကြောင်း ထားဝယ်မြို့မှ ကိုဟိန်းအာကာက ဆိုသည်။
“အရေးယူမယ်ဆိုလည်း မျက်နှာမကြည့်ဘဲ တစ်ပြေးညီ အရေးယူဖို့လိုတယ်” ဟု ကိုဟိန်းအာကာက ပြောသည်။

တစ်လမ်းမောင်းစနစ် ဖောက်ဖျက်သူများကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ-၆၅ အရ အရေးယူသွားမည် ဖြစ်သည်။

အဆိုပါ မော်တော်ယာဉ် ဥပဒေပုဒ်မ ၆၅ အရ စည်းကမ်း ဖောက်ဖျက်ကျူးလွန်သူအား ကျပ်သုံးသောင်းထက် မပိုသည့် ငွေဒဏ်ချမှတ်ရမည်ဟု ယင်းဥပဒေတွင် ဖော်ပြထားသည်။

ထားဝယ်မြို့ ဈေးတောင်ဘက်လမ်းနှင့် လမ်းဆုံကြီးမီးပွိုင့်မှ ရုံးကြီးလမ်းဆုံအထိ အာဇာနည် လမ်းပိုင်းတို့အား ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့က တစ်လမ်းမောင်းစနစ် သတ်မှတ်ခဲ့ပြီး ပညာပေး ကာလကို နှစ်ကြိမ်တိုင် ပြင်ဆင်သတ်မှတ်ခဲ့သည်။

Dawei Watch



FOLLOW US