News

POST TAGGED AS

ထန်းပင်

01-Jun-2018

ပုဂံ ထန်းပင်
ပုဂံ-ညောင်ဦးနှင့် ကျောက်ပန်းတောင်းတွင် ထန်းပင်များ စီးပွားဖြစ်မခုတ်ရန်တားမြစ်
မန္တလေး၊ မေ ၃၁

ပုဂံ-ညောင်ဦးနှင့် ကျောက်ပန်းတောင်းဒေသရှိ ထန်းပင်များကို စီးပွားဖြစ် ခုတ်လှဲခြင်းမလုပ်ရန် တားမြစ်ထားကြောင်း ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်မှ မန္တလေးတိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင်က ပြောကြားသည်။ 

“အစိုးရအဖွဲ့က ဒီလ ၂၅ ရက်နေ့ မှာ ညွှန်ကြားလာတယ်။ ဒီညွှန်ကြားချက်ကို ထွေအုပ်ရုံးတွေကနေ ကျေးရွာအုပ် ချုပ်ရေးမှူးတွေဆီ စာဖြန့်ဝေထားပါတယ်။ လက်ရှိတော့ ထန်းပင်ခုတ်တာတွေ တန့်နေတယ်” ဟု ၎င်းကပြောဆိုသည်။

ယင်းညွှန်ကြားချက်ကို မလိုက်နာဘဲ ထန်းပင်များကို အလွန်အကျွံဆက် လက်ခုတ်လှဲမှုများရှိပါက တိုင်းအစိုးရအဖွဲ့သို့ တင်ပြရမည်ဖြစ်၍ အရေးယူမှုများရှိလာနိုင်ကြောင်း ၎င်းကရှင်းပြသည်။

ထန်းပင်များကို စီးပွားဖြစ်ခုတ်လှဲ ရောင်းဝယ်မှုများ၊ ကုန်ချောအဖြစ် တရုတ်ပြည်သို့ တင်ပို့ခြင်းတို့ကို တားမြစ်ထားသည်ဟု ဦးအေးခိုင်က ဆက်လက်ပြောဆိုသည်။

ယခုအချိန်သည် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်သောကြောင့် ထန်းပင်များခုတ်လှဲမှုမရှိတော့ကြောင်း ကျောက်ပန်းတောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

ထန်းပင်ခုတ်လှဲ ရောင်းချနေသူများကို ယခင်က သစ်တောဝန်ထမ်းများဖြင့် တားဆီးခဲ့သော်လည်း သစ်တော ဥပဒေဖြင့် အရေးယူ၍မရသောကြောင့် အခက်အခဲအချို့ရှိခဲ့ကြောင်း ဦးအေးခိုင်က ထပ်လောင်းပြောဆိုသည်။

“ခုက ပိုပြီးလုပ်လို့ကိုင်လို့ကောင်းသွားတယ်။ ဆက်ခုတ်နေမယ်ဆိုရင် အရေးယူမှုအပိုင်းတွေ ပါလာလိမ့်မယ်” ဟု ဦးအေးခိုင်က ရှင်းပြသည်။

အညာဒေသရှိ ထန်းပင်များ ပျက်သုဉ်းမည့်အန္တရာယ်ကကာကွယ်ရန် လူတိုင်းတွင် တာဝန်ရှိသည်ဟု အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် တော်ဝင်ထန်းအဖွဲ့မှ ဦးမြတ်ကောင်းစံက ပြောကြားသည်။

“ထန်းပင်တွေကိုကာကွယ်ရာမှာ ထန်းပင်ကထုတ်လုပ်နိုင်တဲ့ တန်ဖိုးမြှင့် လက်မှုပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့ လိုသလို ထန်းတောင်သူတွေဘဝကို မြှင့်တင်ပေးနိုင်ဖို့လည်း အဓိကကျတယ်လို့ ယုံကြည်တယ်” ဟု ၎င်းကပြောဆိုသည်။

ပြီးခဲ့သော ဧပြီလမတိုင်မီကာလက ကျောက်ပန်းတောင်းနယ်တစ်ဝိုက်ရှိ ထန်းပင်အများအပြား ခုတ်လှဲရောင်းချမှုများရှိခဲ့ပြီး ပရိဘောဂနှင့် အခြားထုတ် ကုန်များထုတ်လုပ်ရန် ထန်းတစ်ပင်လျှင် အမြင့်ပေပေါ်မူတည်၍ ကျပ် ၃၀၀၀ မှ ၁၀,၀၀၀ ဝန်းကျင်ဖြင့် ဝယ်ယူသူများရှိခဲ့သည်။

သင်္ကြန်ကာလ မတိုင်မီက ကျောက်ပန်းတောင်းဒေသရှိ ထန်းပင် ၅၀၀ ကျော် ခုတ်လှဲခံခဲ့ရကြောင်း ကျောက်ပန်း တောင်းမြို့နယ် မဲဆန္ဒနယ်မှ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ပြောကြားသည်။

M-08



FOLLOW US