News

POST TAGGED AS

ထန်းပင်

25-Apr-2018

ထန်းပင် အညာဒေသ
ရောင်းပြီးသား ထန်းပင် ၁၀၀၀ ကျော် ခုတ်ပေးရန်ကျန်


ချောက်၊ ဧပြီ ၂၄

အညာဒေသ၏ ပြယုဂ်ဖြစ်သော ထန်းပင်များကို ရာနှင့်ချီ၍ ခုတ်လှဲရောင်းချထားပြီးဖြစ်သော်လည်း တစ်ထောင်ကျော်ခန့်အထိ ဆက်ခုတ်ပေးရန် ကျန်ရှိနေသေးကြောင်း ကျောက်ပန်းတောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ဆိုသည်။

“ကျွန်တော်နဲ့သိတဲ့ ထန်းပင်ခုတ်နေသူဆိုရင် အခုလပိုင်းမှာ အပင်တစ်ထောင့်နှစ်ရာ စရန်ယူထားတယ်။ အပင် ၅၀၀ ပဲ ပို့ရသေးတယ်။ ၇၀၀ ကျန်သေးတယ်။ မပို့ရသေးဘူး။ နောက် တခြားသူတွေလည်း အပင် ၅၀၀ တို့ အပင်တစ်ထောင်တို့ ဒီလိုအနေအထားမျိုးတွေ အော်ဒါမှာထားတဲ့အတွက် ပို့ပေးရမှာတွေရှိတယ်။ ဘယ်သူတွေမှာတာလဲတော့ ကျွန်တော်တို့မသိဘူး။ သေချာတာကတော့ သူတို့ ဆက်လက်ခုတ်ဦးမှာတော့ သေချာတယ်”ဟု ၎င်းက ပြောဆိုသည်။

ထန်းပင် အပင်လိုက်ဝယ်ယူသူများသည် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ရွာများမှ အပင်များကို ဝယ်ယူနေရာမှ ယခုနောက်ပိုင်းတွင် ချောက်နှင့်ညောင်ဦး မြို့နယ်များရှိ ရွာများမှ ထပ်မံ၍ လိုက်လံဝယ်ယူနေကြကြောင်း ၎င်းက ဆိုသည်။

ယင်းထန်းပင် ဝယ်ယူသူများသည် ပခုက္ကူမြို့နယ် ဧရာဝတီမြစ်ကမ်းပါး ရေထိန်းနံရံပြုလုပ်ရန် ဝယ်သူများနှင့် ကျောက်ဆည်မြို့သို့ သယ်ဆောင်သူများလည်းရှိကြောင်း ဦးအေးခိုင်က ပြောကြားသည်။

“တကယ်လို့ မြစ်ရေကာတာ လုပ်မယ်ဆိုရင်လည်း ဒီစီမံကိန်း အဲဒီလောက် ထိလိုသလား၊ လိုတယ်ဆိုရင် အစိုးရအနေနဲ့ တရားဝင်မဝယ်တာတုံး။ ဧရာဝတီမြစ်က ခုတ်တာက ရာခိုင်နှုန်းဘယ်လောက်တုံး ပွင့်ပွင့်လင်းလင်းပြောပြီး ကျွန်တော်တို့ဆီမှာ အများကြီးလုပ်လို့ရပါတယ်။ ထန်းပင်ဝယ်ယူခုတ်လှဲမှုတွေနဲ့ ပတ်သက်ပြီး အရေးယူဖို့ သစ်တောဦးစီးဌာနကို တင်ပြပေမယ့်လည်း သစ်တောဥပဒေမှာ ထန်းပင်မပါတာကြောင့် အရေးယူနိုင်မှု မရှိခဲ့ဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ယင်းသို့ ထန်းပင်လိုက်လံ ဝယ်ယူရာတွင် ထန်းပင်တစ်ပင်လျှင် အနိမ့်ဆုံး ကျပ် ၄၀၀၀ မှ အမြင့်ဆုံး ကျပ် ၇၀၀၀ အထိ ပေါက်ဈေးရှိပြီး ထန်းပင်ခုတ်လှဲသူ ကျေးရွာသားများသည် တစ်ပင်လျှင် ခုတ်လှဲခ နှစ်ထောင့်ငါးရာကျပ် ရရှိကြောင်း ကျောက်ပန်းတောင်းမြို့နယ် ရွာတန်းရှည်ကျေးရွာ တာဝန်ခံ ဦးကျော်လွင်က ပြောကြားသည်။

“ပခုက္ကူ ရေကာတာအတွက် ထန်းပင် သုံးထောင်လောက် ဝယ်မယ်လို့ကြားတယ်။ ခုလောလောဆယ် ထန်းပင် နှစ်ရာလောက် လှဲပြီးသွားပြီ။ မနှစ်ကတော့ အပင်နှစ်ရာ၊ သုံးရာလောက် ခုတ်ဝယ်သွားတယ်”ဟု ၎င်းက ပြောဆိုသည်။

ထန်းပင်များ ခုတ်လှဲဝယ်ယူ ရောင်းချနေမှုသည် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားလာစေနိုင်ပြီး အပင်များ မရှိတော့သည့်အတွက် ခြောက်သွေ့ပူပြင်းသော ရာသီဥတုကို တစ်နေ့တခြား ပိုမိုခံစားရနိုင်သည့်အတွက် ကျောက်ပန်းတောင်း၊ ချောက်နှင့် ညောင်ဦးမြို့များမှ ဒေသခံများက ကန့်ကွက်ကြောင်း ဒေသခံများထံမှ သိရသည်။

နေနိုင်(ချောက်)




FOLLOW US