News

POST TAGGED AS

တရုတ်

22-Jul-2018

အမေရိကန် တရုတ်
အမေရိကသို့တင်ပို့သည့် တရုတ်ပို့ကုန်အားလုံး အခွန်ကောက်ခံရန်အသင့်ဟု ထရမ့်ပြောကြား


ဝါရှင်တန်၊ ဇူလိုင် ၂၀

တရုတ်နိုင်ငံမှတင်ပို့လိုက်သော ဒေါ်လာ ၅၀၀ ဘီလီယံဖိုးရှိ ကုန်ပစ္စည်းများကို အခွန်ကောက်ခံခြင်းအားဖြင့် တရုတ်နှင့်ဖြစ်နေသော ကုန်သွယ်ရေးစစ်ကို အရှိန်မြှင့်တင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

“ကျွန်တော် ၅၀၀ ဖိုးစလုံးကို အခွန်ကောက်ပစ်လိုက်ဖို့ အသင့်ပဲ”ဟု CNBC  ရုပ်သံနှင့်ပြုလုပ်သော အင်တာဗျူးတွင် ဒေါ်နယ်ထရမ့်က ပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စုအနေနှင့် တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ခံရမည့်အချိန် ရောက်လုနီးပါးဖြစ်နေချိန်တွင် ထရမ့်က အထက်ပါအတိုင်း သုံးသပ်ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

အမေရိကန်အစိုးရသည် ပြီးခဲ့သည့်သတင်းပတ်က တရုတ်ထုတ်ကုန်ပစ္စည်း ဒေါ်လာ ၂၀၀ ဘီလီယံဖိုးခန့်ကို လာမည့် စက်တင်ဘာလ အစောဆုံးထားပြီး အခွန်ကောက်ခံသွားရန်ရှိသည်ဟု ထုတ်ဖော်အသိပေးခဲ့သည်။ အခွန်ကောက်ခံမည့် ကုန်ပစ္စည်းစာရင်းတွင် အစားအသောက်ကုန်၊ တွင်းထွက်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း အပါအဝင် အမည်ပေါင်း ၆၀၀၀ ကျော်ခန့်ရှိသည်။ 

ယင်းကုန်ပစ္စည်းများကို အခွန် ၁၀ ရာခိုင်နှုန်းထိ ကောက်ခံသွားမည်ဟု ဒေါ်နယ်ထရမ့် အုပ်ချုပ်ရေးအဖွဲ့ကဆိုသည်။ သို့သော် လာမည့်ဩဂုတ်လကုန်ပိုင်း မတိုင်ခင်အထိ အခွန်ကောက်မည့်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်သွားမည်ဟုဆိုသည်။ 

အမေရိကန်သမ္မတထရမ့်က ဒေါ်လာငွေ အားကောင်းနေခြင်းကလည်း အမေရိကန်စီးပွားရေးလုပ်ငန်းများကို ထိခိုက်နစ်နာစေသည်ဟုလည်း စောဒကတက်ထားသည်။ ဒေါ်လာငွေဈေးမြင့်မားအောင် တရုတ်နှင့် ဥရောပသမဂ္ဂ (အီးယူ) တို့က အကွက်ကျကျ ကြိုးကိုင်ခြယ်လှယ်လျက် ရှိသည်ဟုလည်း ထရမ့်က ၎င်း၏ Twitter စာမျက်နှာမှတစ်ဆင့် မကြာခဏဝေဖန်ခဲ့သည်။ 

“အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒဏ်ခတ် အပြစ်ပေးမခံသင့်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တစ်တွေ အကောင်းဆုံးဖြစ်အောင် လုပ်ထားလို့ပါပဲ”ဟု ထရမ့်က Twitter စာမျက်နှာတွင် ရေးသားသည်။ 

အမေရိကန်ပြည်ထောင်စုသည် ပါးရိုက်၍ နားကိုက်သည့်သဘာဖြင့် တရုတ်ကုန်ပစ္စည်း ဒေါ်လာ ၃၄ ဘီလီယံဖိုးအပေါ် အခွန်စည်းကြပ်ခဲ့ပြီဖြစ်သည်။ 

ယခုလို အခွန်စည်းကြပ်မှုများကြောင့် စတော့ဈေးကွက်များ ထိခိုက်နစ်နာသွားခြင်း ရှိ၊ မရှိ မေးမြန်းရာတွင် ထရမ့်က “အင်း၊ ထိခိုက်တယ်ဆိုရင် ထိခိုက်မယ်ပေါ့။ ဒီမှာကြည့် ကျွန်တော်ပြောမယ်၊ ဒါတွေကို ကျွန်တော်က နိုင်ငံရေးအတွက် လုပ်နေတာမဟုတ်ဘူး၊ ဒါတွေကိုလုပ်နေတာဟာ ကျွန်တော့်တိုင်းပြည့်အတွက် မှန်ကန်တဲ့အလုပ်ဖြစ်နေလို့ပဲ”ဟု ထရမ့်က ဆိုသည်။ 

F-01



FOLLOW US