News

POST TAGGED AS

တရုတ်

06-Jul-2018

အမေရိကန် တရုတ်
တရုတ်-အမေရိကန် ကုန်သွယ်ရေးအငြင်းပွားမှုမှ ကုန်သွယ်ရေးစစ်မက်ဖြစ်သည့် အဆင့်သို့ရောက်၊ အမေရိကန်ဘက်က စတင်တိုက်ခိုက်ပြီဟု တရုတ်ကြေညာ


ဝါရှင်တန်-ဘေဂျင်း၊ ဇူလိုင် ၅

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား ကုန်သွယ်ရေးနှင့်ပတ်သက်၍ တစ်ဖက်နှင့်တစ်ဖက် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီး ကုန်သွယ်ရေးစစ်ပွဲဖြစ်လာမည့် အနေအထားမှ နှစ်ဖက်စလုံး နောက်ပြန်ဆုတ်ကြလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ယခုအခါ ဒေါ်လာဘီလီယံပေါင်းစွာ တန်ဖိုးရှိသည့် တရုတ်ထုတ်ကုန်ပစ္စည်းများကို အခွန်စည်းကြပ်မည်ဟူသော အမေရိကန်ပြည်ထောင်စု၏ သတ်မှတ်ရက်သို့ရောက်ရှိလာပြီဖြစ်ရာ ကုန်သွယ်ရေးစစ်ပွဲ အမှန်တကယ်ဖြစ်လာတော့မည်ဖြစ်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

တရုတ်နိုင်ငံမှတင်ပို့သည့် ထုတ်ကုန်ပစ္စည်းများကို အခွန်စည်းကြပ်ကောက်ခံမည်ဟု သမ္မတထရမ့်အုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်ထားသည့်နေ့ရက်မှာ ဇူလိုင် ၅ ရက်ဖြစ်သည်။ 

ယင်းအခွန်ကောက်ခံမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်ကလည်း အမေရိကန်ထုတ်ကုန်များကို အလားတူ အခွန်စည်းကြပ်ကောက်ခံခြင်းဖြင့် တုံ့ပြန်မည်ဖြစ်သည်ဟု ဆိုထားသည်။ 

မည်သို့ပင်ဆိုစေ ယခုအခါ ဇူလိုင် ၅ ရက်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ အမေရိကန်ပြည်ထောင်စုထဲသို့ စတီးနှင့် အလူမီနီယံတင်သွင်းမှုနှင့် မော်တော်ယာဉ် တင်သွင်းမှုများအား အခွန်စည်းကြပ် ကောက်ခံတော့မည်ဖြစ်သည်။ 

သို့အတွက်ကြောင့် တရုတ်နိုင်ငံတွင် စတီးနှင့် အလူမီနီယံအပါအဝင် အခြားကုန်ပစ္စည်းဈေးနှုန်းများမှာ စတင်မြင့်တက်လာသလို ကုမ္ပဏီနှင့်လုပ်ငန်းကြီးများမှာ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ချည်တုံချတုံ ဖြစ်လျက်ရှိသလို အမေရိကန်ပို့ကုန်များကို တန်ပြန်အခွန်ကောက်ခံမည့်ကိစ္စမှ လွတ်မြောက်နိုင်ရေးအတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို ပြည်ပသို့ရွှေ့ရန် စဉ်းစားလျက်ရှိသည်။ 

ထရမ့်ကမူ ယင်းသို့ အခွန်စည်းကြပ်မှုဆိုင်ရာ စီမံချက်သည် အမေရိကန်ကုမ္ပဏီများအတွက် အခြားစီးပွားရေးလုပ်ငန်းများနှင့် တန်းတူရည်တူ လုပ်ကိုင်ခွင့်ရရှိရန် ဦးတည်ခြင်းဖြစ်သည်ဟု ဆိုထားသည်။ 

ယင်းသို့လုပ်ဆောင်ခြင်းကြောင့် ကုမ္ပဏီလုပ်ငန်းကြီးများအကြား ယှဉ်ပြိုင်မှု ပိုမိုကြီးထွားလာလိမ့်မည်ဟု ထရမ့်က ယုံကြည်ထားသည်။

ထရမ့်က တရုတ်နိုင်ငံမှတင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း၊ ယင်းသည် အမေရိကန်နည်းပညာများ ခိုးယူခံနေရခြင်းကို လက်တုံ့ပြန်သည့် သဘောလည်းဖြစ်ကြောင်း ဦးစွာပြောဆိုခဲ့သည်။ အခွန်ကောက်ခံရန် စီစဉ်ထားပြီး ဒေါ်လာ ၅၀ ဘီလီယံဖိုးရှိသည့် ကုန်ပစ္စည်း စာရင်းကိုလည်း ထုတ်ပြန်ခဲ့သည်။ 

သို့သော် အမေရိကန်ကုမ္ပဏီများက အရေးကြီးသည့် သွင်းကုန်များအတွက် (အခွန်) ကင်းလွတ်ခွင့်ပေးရန် တောင်းဆိုခဲ့သောကြောင့် အဆိုပါစာရင်းတွင်ပါဝင်သော ကုန်ပစ္စည်းအရေအတွက် လျော့ကျသွားကာ ဒေါ်လာ ၃၂ ဘီလီယံဖိုးကို ကောက်ခံမည်ဟု ဆိုသည်။ 

ယခု တရုတ်ထုတ်ကုန်များကို အခွန်ကောက်စတင်ကောက်ခံမည်ဟု သတ်မှတ်ထားသည့် ဇူလိုင် ၅ ရက်နေ့သို့ရောက်ရှိလာချိန်တွင် တရုတ်စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက အမေရိကန် ပြည်ထောင်စုသည် တစ်ကမ္ဘာလုံးကို စတင်ပစ်ခတ်တိုက်ခိုက်ပြီဖြစ်သည်ဟု ထုတ်ပြန်ကြေညာပြီး တရုတ်ကုန်စည်များအပေါ် ထရမ့်အုပ်ချုပ်ရေးအဖွဲ့၏ အခွန်ကောက်ခံမည့်ကိစ္စသည် တရုတ်နိုင်ငံတွင်းရှိ နိုင်ငံခြားကုမ္ပဏီကြီးများအပါအဝင် နိုင်ငံတကာ Supply Chain လုပ်ငန်းများအားလုံးကို ထိခိုက်လိမ့်မည်ဖြစ်သည်ဟု သတိပေးလိုက်သည်။ 

တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဂေါင်ဖန်းက အဆိုပါကုန်သွယ်ရေး အငြင်းပွားမှုကြောင့်ဖြစ်သော နောက်ဆက်တွဲဂယက်များကို တရုတ်နိုင်ငံအနေနှင့် အကဲဖြတ် ဆန်းစစ်မည်ဖြစ်သလို ယင်းအငြင်းပွားမှု၏ အကျိုးဆက်များနှင့် ရင်ဆိုင်ကြုံတွေ့ကြရမည့် လုပ်ငန်းများကိုလည်း ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

“အမေရိကန်တွေရဲ့ လုပ်ဆောင်ချက်ဟာ ကမ္ဘာလုံး Supply Chain လုပ်ငန်းတွေကို တိုက်ခိုက်သလိုဖြစ်နေပါတယ်။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုက တစ်ကမ္ဘာလုံးကို စတင်ပစ်ခတ်တိုက်ခိုက်လိုက်တာ၊ သူ့ကိုယ်သူလည်း ပစ်ခတ်လိုက်တာပါပဲ”ဟု ၎င်းက ဆက်လက်သုံးသပ်သည်။ 

F-01



FOLLOW US