News

POST TAGGED AS

တရုတ်

12-Jun-2018

ကား တရုတ်
တရုတ်ကားများ တင်သွင်းခွင့် လူစီးကားများမပါဝင်
ရန်ကုန်၊ ဇွန် ၁၂

ကုန်သွယ်ရေးဦးစီးဌာနက မူဆယ် ၁၀၅ မိုင် နယ်စပ်မှတစ်ဆင့် တရုတ်ကားများ တင်သွင်းခွင့်ပြုရာတွင် လူစီးကားများမပါဝင်ဘဲ လုပ်ငန်းသုံးယာဉ်များသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ယင်းဌာနက ပြန်လည်၍ ရှင်းလင်းချက်ထုတ်ပြန်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့ရာတွင် မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံထုတ် လုပ်ငန်းသုံးကားများနှင့် လူစီးကားများပါ တင်သွင်းခွင့်ပြုရန် အထောက်အထားများ တောင်းခံရာတွင် လူစီးကားများမပါဝင်ဘဲ လုပ်ငန်းသုံးကားများအတွက်သာဖြစ်ကြောင်း ယင်းဌာနထံမှသိရသည်။

တရုတ်နိုင်ငံထုတ် လူစီးကားများ တင်သွင်းခွင့်ပြုမည်ဆိုခြင်းကြောင့် နောက်ပိုင်းကာလများ၌ ယင်းနိုင်ငံထုတ်ယာဉ်များမှာ နည်းပညာမြင့်မားလာသည့်အတွက် ထိုကားများ မြန်မာ့ကားဈေးကွက်၌ နေရာရလာနိုင်သည်ဟု မော်တော်ယာဉ်လုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုခဲ့သော်လည်း ယခုအခါ ယင်းသတင်းမှာ မဟုတ်ကြောင်း သိရသည့်အခါတွင်မူ အစိုးရဌာနတစ်ခုအနေနှင့် ထုတ်ပြန်ချက်တစ်ခုကို သေချာစိစစ်ထုတ်ပြန်သင့်ကြောင်း ဝေဖန်ပြောဆိုကြသည်။ 

တရုတ်နိုင်ငံမှ ကားတင်သွင်းမည့်သူများအနေနှင့် တရုတ်နိုင်ငံထုတ်ဖြစ်ကြောင်း အထောက်အထား (Country of Origin-CO) နှင့် မော်တော်ယာဉ် တင်ပို့ခွင့်ပြုမည့် တရုတ်နိုင်ငံ အကောက်ခွန်ဌာန၏ Export Certificate အထောက်အထားတို့ကို တင်ပြရန် ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည်။

လုပ်ငန်းသုံးကားများကို ယခင်ကတည်းက မူဆယ်နယ်စပ်အပြင် ထိုင်းနိုင်ငံနယ်စပ်ဖြစ်သည့် မြဝတီနယ်စပ်မှလည်း တင်သွင်းခွင့်ပြုလျက်ရှိသည်။

S-04



FOLLOW US