News

POST TAGGED AS

တရုတ်

31-May-2018

ကား လိမ်လည်မှု
တာမွေမှ ကားဝယ်/ရောင်းတစ်ဦး ကားခြောက်စီး အလိမ်ခံရ
ရန်ကုန်၊ မေ ၃၁

တာမွေမြို့နယ်ရှိ ကား ဝယ်/ရောင်း အမျိုးသားတစ်ဦးထံမှ မော်တော်ယာဉ် ခြောက်စီးကို ဝယ်လက်ဖြစ်သူများက ကားစမ်းသပ်မောင်းကြည့်လိုကြောင်း ပြောဆို၍ မော်တော်ယာဉ်များကို လိမ်လည်ရယူသွားသည့် အမျိုးသား ခြောက်ဦးအား မေလ ၃၀ ရက်နေ့က တာမွေမြို့မ ရဲစခန်း တွင် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ ထံမှ သိရသည်။

ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် အရေးယူထားသည့် ဦးခင်မောင်မြင့် အပါအဝင် အမျိုးသား ခြောက်ဦးမှာ မေလ ၁၈ ရက်နေ့က တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ ၁၄၀ လမ်းတွင် နေထိုင်သော ကား ဝယ်/ရောင်း အမျိုးသားထံ လာရောက်၍ ဝယ်လက်များကို ခေါ်ဆောင်လာကြောင်း ပြောဆိုပြီး Suzuki Carry Pickup အမျိုးအစား မော်တော်ယာဉ်သုံးစီး၊ Van အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် Hijet အမျိုးအစား မော်တော်ယာဉ်နှစ်စီးကို စမ်းသပ်မောင်းကြည့်လိုကြောင်း ပြောဆိုပြီး ၎င်းတို့အဖွဲ့က တစ်ဦးလျှင် မော်တော်ယာဉ်တစ်စီးစီဖြင့် မောင်းနှင်သွားခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

“ကားတွေ အလိမ်ခံရလိုက်ရသူနဲ့ အမှုဖွင့်ခံရတဲ့ ဦးခင်မောင်မြင့်ဆိုသူက ကားဝယ်ရောင်း လုပ်ကိုင်ရင်း ခင်မင်ရင်းနှီးခဲ့တာလို့ သိရတယ်။ ဦးခင်မောင်မြင့်က မန္တလေးမှာနေတယ်လို့ပဲ သိရသေးတယ်။ ယုံကြည်လို့ ကားစမ်းသပ်မောင်းခွင့်ပြုလိုက်တာကို သူတို့အဖွဲ့က ကားပိုင်ရှင်ဆီ ပြန်မလာတော့ဘဲ ကားတွေ လိမ်လည်ရယူသွားတာပါ။ ပိုင်ရှင်က ဖုန်းလည်းဆက်သွယ်လို့မရ။ မန္တလေးအထိလိုက်ပြီး စုံစမ်းတော့လည်း ရှာမတွေ့ဖြစ်နေတာကြောင့် ဥပဒေအရ အရေးယူပေးဖို့ ရဲစခန်းလာအမှုဖွင့်တိုင်ကြားခဲ့တာပါ”ဟု ရဲအရာရှိက ရှင်းပြသည်။

စုစုပေါင်း ကျပ်သိန်းခြောက်ရာခန့်တန်ဖိုးရှိ မော်တော်ယာဉ် ခြောက်စီးကို ယုံကြည်အောင် ပြောဆိုပြီး လိမ်လည်ရယူသွားသူ ဦးခင်မောင်မြင့် အပါအဝင် အမျိုးသား ခြောက်ဦးကို တာမွေမြို့မ ရဲစခန်းက (ပ) ၅၃၅/ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်၍ အရေးယူ ဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US